မနေ့က တင်ဆက်ပေးခဲ့တဲ့ ဆောင်းပါးရဲ့အဆက်ကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။ ထူးခြားတာကတော့ မနေ့က ကျွန်တော်ဖော်ပြခဲ့တဲ့ ဆောင်းပါးထဲမှာ ပါဝင်ခဲ့တဲ့ မာရီယိုဂေါ့ဇီက အခုလက်ရှိမှာ နယ်သာလန်ကလပ် PSV အသင်းဆီကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါပေမယ့် Free Agents ဖြစ်နေကြသေးတဲ့ နာမည်ကျော်ကစားသမားတွေက ကျန်ရစ်နေသေးတာဖြစ်လို့ Part 2 အဖြစ်နဲ့ ဆက်လက်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဒန်နီဝဲလ်ဘတ်

Photo Credit : Metro

မန်ချက်စတာယူနိုက်တက် အာဆင်နယ်တို့လို အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပေမယ့် ဒဏ်ရာပြသာနာဆိုးတွေကြောင့် သူရဲ့ကစားသမားဘဝ ပိုမိုနိမ့်ဆင်းသွားခဲ့ရတဲ့ ဝဲလ်ဘတ်ဟာ လက်ရှိမှာလည်း ဝက်ဖိုဒ့်အသင်းနဲ့ သက်တမ်းကုန်သွားပြီဖြစ်လို့ အသင်းလက်မဲ့ဖြစ်လို့နေရပြီး လိဂ်ချန်ပီယံရှစ်အသင်းတွေဆီမှာပဲ သွားရောက်ကစားရဖွယ် ရှိနေပါတယ်။

ပါတို

Photo Credit : Metro

အေစီမီလန် ချယ်လ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်းပါတိုကလည်း ဒဏ်ရာတွေကြောင့်ပဲ ဥရောပကနေ သူရဲ့မွေးရပ်မြေ ဘရာဇီးထိကို ပြန်ရောက်သွားခဲ့ရတဲ့အထိ အခြေအနေတွေ တဖြည်းဖြည်းဆိုးရွှားလာခဲ့ကာ အခုလည်း အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။ အသက်(၃၀)စွန်းစွန်းလေးပဲရှိသေးတဲ့ သူ့လို နာမည်ကျော်ကစားသမားကိုတော့ အရှေ့အလယ်ပိုင်းကလပ်တွေကနေ ခေါ်ယူဖွယ်ရှိလာနိုင်ပါတယ်။

ဂါရေး

Photo Credit : The Indian Express

ဥရောပအသင်းပေါင်းများစွာ ပါဝင်ကစားခဲ့ဖူးတဲ့ အာဂျင်တီးနားနောက်ခံလူ ဂါရေးကလည်း လက်ရှိမှာ Free Agent ဖြစ်နေရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့လို ဝါရင့်ဗဟိုခံစစ်မှူးတစ်ယောက်ကို ခံစစ်ပိုင်း အခက်အခဲဖြစ်လို့နေတဲ့ ကလပ်အသင်းတွေအနေနဲ့ ရေတိုစီမံကိန်းအဖြစ် ခေါ်ယူနိုင်ပါတယ်။ ဂါရေးဟာ လက်ရှိမှာတော့ အသက်(၃၃)နှစ်အထိ ရှိလို့နေပြီဖြစ်ပါတယ်။

မန်ဇူကစ်ဇ်

Photo Credit : AS English

ဒီနေ့တော့ တိုက်စစ်မှူးတွေကို ခပ်များများဖော်ပြပေးနေရပါလိမ့်မယ်။ ဝါရင့်ခရိုအေးရှား တိုက်စစ်မှူးကြီး မာရီယိုမန်ဇူကစ်ဇ်ကတော့ ကာတာကလပ်နဲ့ စာချုပ်ကုန်ဆုံးသွားချိန်မှာ အသင်းလက်မဲ့ ဖြစ်လို့နေပြီး အသက်(၃၄)နှစ်တောင် ရှိနေပြီဖြစ်တဲ့ သူ့ကိုတော့ ထိပ်သီးအသင်းတွေထက် အလယ်အလတ်အဆင့်ရှိ အသင်းတွေနဲ့ အသင်းငယ်တွေလောက်ကပဲ ခေါ်ယူဖွယ်ရှိပါတယ်။

အဆာမို

Photo Credit : Goal

အီတလီစီးရီးအေမှာ အသင်းများစွာနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ဂါနာကွင်းလယ်ကစားသမားကြီး အဆာမိုကတော့ နွေစျေးကွက်နောက်ဆုံးနေ့မှာပဲ အင်တာမီလန်အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်လို့နေပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ ကွင်းလယ်လူအဆာမိုကိုတော့ စီးရီးအေကလပ်အသင်းတွေကပဲ ခေါ်ယူဖွယ်ရှိနေပါတယ်။

ဘင်အာဖာ

Photo Credit : Archyde

ကစားသမားဘဝအစတုန်းက ပြင်သစ်အသင်းအတွက် တကယ့်ကို တောက်ပလာမယ့်သူလို့ သတ်မှတ်ခံခဲ့ရဖူးတဲ့ ဘင်အာဖာဟာ ကလပ်အသင်းပေါင်းစုံမှာ ကျင်လည်ဖြတ်သန်းခဲ့ရသူဖြစ်ပြီး လက်ရှိမှာလည်း ဗယ်လာဒိုးလစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ဖြစ်နေရပါတယ်။ ဒါပေမယ့် သူ့လို အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ကိုတော့ ပြင်သစ်လီဂူးက ကလပ်အသင်းတွေအနေနဲ့ ခေါ်ယူချင်နေကြမှာတော့ သေချာပါတယ်။