နွေစျေးကွက်ကတော့ တရားဝင်ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် ကိုယ့်ရဲ့ကလပ်အသင်းက ဒဏ်ရာပြသာနာတွေ လိုအပ်ချက်တွေ ရှိနေသေးလို့ ကစားသမားသစ်တွေကို မဖြစ်မနေ ခေါ်ယူချင်နေသေးတယ်ဆိုရင် ခေါ်ယူလို့ရနိုင်မယ့် အသင်းလက်မဲ့ Free Agent ကစားသမားကောင်းတွေ ရှိနေသေးတာဖြစ်လို့ ဒီကစားသမားတွေရဲ့အကြောင်းကို ရှာဖွေတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

မာရီယိုဂေါ့ဇီ

Photo Credit : Sky Sports

ဒေါ့မွန် ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်း ဂေါ့ဇီက ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးတဲ့နောက် Free Agent ဖြစ်သွားခဲ့ရပေမယ့် သူ့အသက်က (၂၈)နှစ်ပဲရှိသေးသလို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်လို့ သိပ်မကြာခင်မှာပဲ သူ့အတွက် အသင်းသစ်တစ်သင်းက ထွက်ပေါ်လာနိုင်ပါတယ်။

ဒန်နီရယ်စတာရစ်ချ်

Photo Credit : AS English

မန်စီးတီး ချယ်လ်ဆီး လီဗာပူးလ်တို့လို ထိပ်တန်းအသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးတဲ့ စတာရစ်ချ်ကတော့ လက်ရှိမှာ ထရက်ဇွန်စပေါအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရပြီး လတ်တလောမှာတော့ အင်္ဂလန်ကိုပဲ ပြန်လာဖွယ်ရှိနေကာ ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းသင်းဆီ ရောက်ရှိသွားနိုင်ပါတယ်။

ရှင်ဂျီကာဂါဝါ

Photo Credit : Medium

နောက်ထပ်ဒေါ့မွန်ကစားသမားဟောင်းဖြစ်သလို ယူနိုက်တက်အသင်းမှာလည်း ပါဝင်ကစားခဲ့ဖူးတဲ့ ဂျပန်ကြယ်ပွင့်ကစားသမား ကာဂါဝါကလည်း လက်ရှိမှာ Free Agent ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်(၃၁)နှစ်အရွှယ် ရှိနေပြီဆိုပေမယ့် သူရဲ့နောက်ဆုံးကလပ် ဇာရာဂိုဇာမှာ ကစားခဲ့စဉ်တုန်းကလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။

နာသန်နီရယ်ကလိုင်း

Photo Credit : Sky Sports

ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ရောက်လာပြီးနောက် ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့ပြီး စာချုပ်သက်တမ်းပါ ကုန်ဆုံးသွားခဲ့ရတဲ့ အင်္ဂလန်ညာနောက်ခံလူ ကလိုင်းဟာလည်း ဇွန်လလောက်ကပဲ အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး သူ့ကိုတော့ ပရီးမီးယားလိဂ်အသင်းတွေထက် လိဂ်ချန်ပီယံရှစ်အသင်းတွေကလောက်ပဲ ခေါ်ယူဖွယ်ရှိပါတယ်။

ဂျက်ဝီရှိုင်းယား

Photo Credit : Sky Sports

အာဆင်နယ်လို အသင်းမျိုးကနေ ပေါ်ထွက်လာခဲ့ပြီး တကယ့်ကို Talented Player တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရဖူးတဲ့ ဝီရှိုင်းယားကတော့ ဒဏ်ရာပြသာနာတွေရဲ့နှိပ်စက်မှုကြောင့် သူရဲ့ဝက်စ်ဟမ်းကစားသမားဘဝပါ အဆုံးသတ်သွားခဲ့ရပြီး မနေ့ညကပဲ အသင်းလက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ အတွေ့အကြုံရှိ ကစားသမားကောင်းတစ်ယောက် ဖြစ်ပေမယ့်လည်း သူ့လို မကြာခဏ ဒဏ်ရာရတတ်တဲ့ ကစားသမားကို ခေါ်ယူဖို့က အတော်လေးကို စဉ်းစားရဖွယ် ရှိလာနိုင်ပါတယ်။