တစ်လတာသာ ကြာမြင့်တဲ့ ဇန်နဝါရီလရဲ့ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ကတော့ ဇန်နဝါရီ (၃၁)ရက်နေ့ ည(၁၁)နာရီ(ဗြိတိန်စံတော်ချိန်)မှာပဲ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒီစျေးကွက်ထဲမှာ မထင်မှတ်ပဲ ကစားသမားသစ်တွေကို ခေါ်ယူနိုင်ခဲ့တဲ့ ကလပ်အသင်းများ ရှိခဲ့သလို တချို့အသင်းတွေကလည်း ကစားသမား အားဖြည့်ဖို့ လိုအပ်ခဲ့ပေမယ့် စျေးကွက်ပိတ်သွားချိန်ထိ ကစားသမား တစ်ဦးတစ်ယောက်မှ မခေါ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ တကယ်လို့ ဒီအသင်းတွေသာ ကစားသမား ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်လာမယ်ဆိုရင် ခေါ်ယူလို့ ရနိုင်သေးတဲ့ Free Agents ကစားသမားတွေ ရှိနေပါသေးတယ်။ သူတို့တွေကတော့…

ဒီယေဂိုကော်စတာ

ချယ်လ်ဆီး အသက်လက်တီကိုအသင်းတွေရဲ့ စပိန်တိုက်စစ်မှူးဟောင်းကြီး ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးနဲ့ လမ်းခွဲထားတာ မကြာသေးတဲ့သူပါ။ ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဒီတိုက်စစ်မှူးကြီးဟာ အာဆင်နယ်အသင်းနဲ့ပါ သတင်းထွက်ထားခဲ့သူဖြစ်ပြီး ဆောင်းစျေးကွက်ထဲ ကစားသမားတစ်ဦးမှ မခေါ်နိုင်ခဲ့တဲ့ အသင်းတွေအနေနဲ့ ကော်စတာကို ရေတိုသဘောမျိုးနဲ့ ခေါ်ယူကာ အသင်းပရိသတ်တွေကို နှစ်သိမ့်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဂျက်ဝီရှိုင်းယား

၂၀၂၁ခုနှစ် ဇူလိုင်လကတည်းက အသင်းလက်မဲ့ ဖြစ်နေရတဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီရှိုင်းယားဟာလည်း လက်ရှိအချိန်ထိ Free Agent ဖြစ်နေရသေးတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀၀)နီးပါးလောက်အထိ ပါဝင်ထားဖူးတဲ့ အတွေ့အကြုံရှိ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ဝီရှိုင်းယားသာ ကြံခိုင်မှု ကောင်းမွန်နေမယ်ဆိုရင် သူ့ကို အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ခေါ်ယူထားသင့်တာ အသေအချာပါပဲ။

ကားလို့တဲဗက်ဇ်

ဘိုကာဂျူနီယာအသင်းနဲ့ ရုတ်တရက် လက်တွဲဖြုတ်ခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူးကြီး တဲဗက်ဇ်ဟာလည်း ၂၀၂၁ခုနှစ် ဇွန်လလကတည်းကနေ အခုထိကို အသင်းလက်မဲ့ ဖြစ်နေတဲ့သူပါ။ အသက်(၃၇)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ယူနိုက်တက် ဂျုဗီကစားသမားဟောင်းက ဘောလုံးလောကထဲကနေ အနားယူရမယ့် အရွှယ်ကို ရောက်နေပြီဆိုပေမယ့် ကာလတို စာချုပ်နဲ့သာ ခေါ်ယူမယ်ဆိုရင်တော့ အသင်းအတွက် အကျိုးပြုနိုင်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

အိုဘီမီခေးလ်

နောက်ထပ် ချယ်လ်ဆီးကစားသမားဟောင်းဖြစ်တဲ့ ကွင်းလယ်ခံစစ်ကစားသမား မီခေးလ်ဟာလည်း လက်ရှိမှာ Free Agent ဖြစ်လို့နေရပြီး တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်း သူရဲ့ခြေစွမ်းပိုင်းတွေ ကျဆင်းလာခဲ့ရလို့ ကူဝိတ်ကလပ် အသင်းထိပါ သွားရောက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ အတွေ့အကြုံရှိထားသူဖြစ်လို့ ကွင်းလယ်ပိုင်း လိုအပ်ချက်ရှိတဲ့ အသင်းတွေအနေနဲ့ မီခေးလ်ကို ခေါ်ယူဖို့ စဉ်းစားသင့်ပါတယ်။

ကိုစီယယ်နီ

အာဆင်နယ်အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါးလောက် ပါဝင်ခဲ့တဲ့ ပြင်သစ်နောက်ခံလူကြီး ကိုစီယယ်နီကတော့ ဆောင်းစျေးကွက် နောက်ဆုံးနေ့မှာပဲ ဘော်ဒိုးနဲ့ လက်တွဲဖြုတ်ခဲ့လို့ အခုဆိုရင် အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါပြီ။ အသက်(၃၆)နှစ် ရှိနေပြီဆိုပေမယ့် ပရီးမီးယားလိဂ် လီဂူးတို့မှာ အတွေ့အကြုံကောင်းတွေ ရှိထားသူဖြစ်လို့ ခံစစ်လိုအပ်ချက်နဲ့ ရင်ဆိုင်နေရတဲ့ ကလပ်အသင်းတွေအနေနဲ့ ကိုစီယယ်နီကို စဉ်းစားသင့်ပါတယ်။