မနေ့ကတော့ Free Agent ဖြစ်နေတဲ့ ကစားသမားတွေထဲကမှ ဂိုးသမားတွေရဲ့အကြောင်းကို ဖော်ပြခဲ့ပြီးတာမို့ ဒီတစ်ခေါက် အလှည့်ကြမှာ နောက်ခံလူတွေပါ။ နောက်ခံကစားသမားတွေထဲမှာ Free Agents ဖြစ်နေကြသူတွေက အရေအတွက် အများကြီးကို ရှိနေတာမို့ ဘောလုံးပရိသတ်တွေနဲ့ အရင်းနှီးဆုံး ဖြစ်လို့နေမယ့် ဗဟိုနောက်ခံကစားသမားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ရာမို့စ်

ရီးယဲလ်အသင်းမှာ (၁၆)နှစ်တာအထိ ကျင်လည်ခဲ့ပြီးမှ ဒီနွေမှာ အသင်းနဲ့ လမ်းခွဲလိုက်တဲ့ အသက်(၃၅)နှစ်အရွှယ်ရှိ ဝါရင့်နောက်ခံလူကြီး ရာမို့စ်ကတော့ လက်ရှိမှာ အသင်းလက်မဲ့ အနေအထားကို ရောက်ရှိနေပေမယ့် ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိဖို့က နီးစပ်လျက်ရှိနေသလို ပီအက်စ်ဂျီကို မရောက်ခဲ့ရင်တောင် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေက အရမ်းများနေတာမို့ မကြာခင်မှာပဲ အသင်းသစ်တစ်သင်းဆီ ရောက်သွားနိုင်ပါတယ်။

ဘိုတန်

ရာမို့စ်လိုပဲ အသင်းတစ်သင်းမှာ ဆယ်စုနှစ်နီးပါးလောက် ပါဝင်ကစားခဲ့ဖူးတဲ့ ဂျာမနီနောက်ခံလူ ဘိုတန်ကလည်း ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ အသက်(၃၂)နှစ်အရွှယ် ကစားသမားကြီးဟာ မန်စီးတီးအသင်းမှာလည်း ပါဝင်ခဲ့ဖူးသူဖြစ်လို့ သူ့ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေကနေ စောင့်ကြည့်လျက်ရှိနေသလို ဘိုတန်ကလည်း သိပ်မကြာခင်မှာပဲ သူရဲ့အသင်းသစ်ကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

ဒေးဗစ်လူးဝစ်ဇ်

ချယ်လ်ဆီး ပီအက်စ်ဂျီ အာဆင်နယ်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်း လူးဝစ်ဇ်ဟာဆိုရင်လည်း အခုလက်ရှိမှာ အာဆင်နယ်နဲ့ လမ်းခွဲလိုက်တာကြောင့် အသင်းလက်မဲ့ Free Agent ကစားသမားတစ်ယောက် ဖြစ်လို့နေရပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘရာဇီးဝါရင့်နောက်ခံလူ လူးဝစ်ဇ်ကိုတော့ လတ်တလောမှာ အမေရိကန် မေဂျာလိဂ်ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

ချီလီနီ

လက်ရှိ ယူရို-၂၀၂ဝမှာ ခြေစွမ်းပြလို့နေတဲ့ ဝါရင့်ခံစစ်မှူးကြီး ချီလီနီဟာလည်း သူရဲ့ကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားပြီဖြစ်လို့ လက်ရှိမှာ Free Agent ဖြစ်နေရတယ်ဆိုပေမယ့် ဂျုဗင်တပ်စ်ဘက်ကနေ ဒီအသက်(၃၆)နှစ်အရွှယ် နောက်ခံလူကြီးကို အနည်းဆုံး တစ်နှစ်သက်တမ်းတိုးဖွယ် ရှိနိုင်နေတာမို့ ချီလီနီကို ဂျုဗင်တပ်စ်အသင်းမှာပဲ ဆက်လက်မြင်တွေ့ရနိုင်ပါတယ်။

မူစတာဖီ

နောက်ထပ် အာဆင်နယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မူစတာဖီမှာလည်း အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ Free Agent ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရပြီး ဒီနောက်ပိုင်းမှာ သူရဲ့ခံစစ်စွမ်းဆောင်ရည်တွေ ကျဆင်းနေမှုကြောင့် သူ့ကို ဂျာမန်ကလပ်တွေလောက်ကပဲ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

ဘီနာတီယာ

ဘိုင်ယန် ဂျုဗင်တပ်စ် ရိုးမား မာဆေးလ်တို့လို ထိပ်တန်းကလပ်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မော်ရိုကိုနောက်ခံလူကြီး ဘီနာတီယာကလည်း ကာတာကလပ် အယ်ဒူဟေးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်လို့နေရပြီး သူ့လို အတွေ့အကြုံရင့် နောက်ခံလူတစ်ယောက်အနေနဲ့ ဥရောပဘောလုံးနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။