အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ် နာမည်ကြီး ကလပ်တချို့က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း အင်္ဂလန်ဒေသတွင်း သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမေကာ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို တိုက်စစ်ရဲ့ နေရာစုံမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပေမယ့် အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်မိခဲ့တာကြောင့် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသလို မန်ချက်စတာ ယူနိုက်တက်ကို အားပေးတဲ့ အမျိုးသမီးပရိသတ်တွေရဲ့ မုန်းတီးမှုကိုလည်း ရင်ဆိုင်နေရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှု ဂယက်ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းဆီ ပြန်ခေါ်ဖို့ စီစဉ်ပြီးမှ လာလီဂါကလပ် ဂီတာဖေးဆီ ၁ရာသီ အငှားနဲ့ စေလွှတ်ခဲ့ရပြီး ဂရင်းဝုဒ်က ဂီတာဖေးဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

မေဆန် ဂရင်းဝုဒ်က ယခုနှစ် ဘောလုံးရာသီမှာ ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘာစီလိုနာ ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ စပိန်ထိပ်သီးအသင်းတွေ အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က သူ့ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး အင်္ဂလန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ စပိန်ထိပ်သီးကလပ်တွေနဲ့ အီတလီ နာမည်ကြီးကလပ်တွေက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို အမည်မဖော်လိုတဲ့ အင်္ဂလန်နာမည်ကြီး ကလပ်တချို့ကလည်း မေဆန် ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားမလား ၊ ရောင်းထုတ်မလား ဆိုတာကို ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ သိရှိရပါတယ်။