ဒီနှစ် ဘောလုံးရာသီမှာ စပိန်လာလီဂါပြိုင်ပွဲဆီကို တန်းတတ်လာကြတဲ့ ကလပ်အသင်း(၃)သင်းထဲမှာ လာလီဂါပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကလပ်အသင်းဖြစ်တဲ့ ရာယိုဗယ်လက်ကာနိုအသင်းလည်း ပါဝင်လာခဲ့ပြီး ဒီရာသီအစမှာ ဗယ်လီကာနိုရဲ့ ရလဒ်တွေက အားရစရာ အနေအထားမျိုး ရှိမနေခဲ့ပေမယ့်လည်း အသင်းကို ဝါရင့် တိုက်စစ်ကစားသမားကြီး ရာဒါမယ်ဖယ်လ်ကာအို ရောက်ရှိလာပြီးနောက်ပိုင်း ဗယ်လက်ကာနိုအသင်းရဲ့ ရလဒ်တွေလည်း ပြန်လည်ကောင်းမွန်လာသလို ဖယ်လ်ကာအိုကိုယ်တိုင်ကလည်း သွင်းဂိုးတွေကို ပြန်လည်သွင်းယူလာနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

လာလီဂါရဲ့ တန်းတတ်အသင်း ဗယ်လက်ကာနိုအသင်းဟာ ၂၀၂၁-၂၀၂၂ လာလီဂါ ဘောလုံးရာသီအစမှာ ဆီဗီလာ ဆိုစီဒက်တို့လို် အသင်းမျိုးတွေနဲ့ အဝေးကွင်းပွဲကျပ်တွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီပွဲတွေကို အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်တွေအပြီး နောက်ပိုင်းကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်(၄)ပွဲမှာတော့ လီဗန်တေး တစ်သင်းတည်းကိုသာ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ဂရန်နာဒါ ဂီတာဖေး ကာဒစ်ဇ်အသင်းတွေနဲ့ ပွဲစဉ်တွေ ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဗယ်လက်ကာနိုက လာလီဂါပြိုင်ပွဲအတွင်း အိမ်ကွင်း(၃)ပွဲ အဝေးကွင်း(၃)ပွဲ ကစားထားပြီး အိမ်ကွင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့် အနိုင်ရထားပြီး ဆီဗီလာအသင်းနဲ့အတူ ဒီရာသီ လာလီဂါမှာ အိမ်ကွင်းပွဲတိုင်း အနို်င်ရထားတဲ့ အသင်းတွေအဖြစ် ပူးတွဲရပ်တည်နေပါတယ်။ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်ရှိနေတဲ့ ဗယ်လက်ကာနိုဟာ ထိပ်ဆုံးက ရီးယဲလ်အသင်းပြီးနောက် ဒီရာသီ လာလီဂါရဲ့ ဒုတိယ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ်နဲ့ပါ ရပ်တည်နေပါသေးတယ်။

Photo Credit : Twitter

တကယ်တော့ အသင်းငယ်လေး တစ်သင်းဖြစ်တဲ့ ဗယ်လက်ကာနိုက လာလီဂါကို တန်းပြန်တတ်လာခဲ့ပေမယ့် ကစားသမားအင်အား ဖြည့်တင်းမှုမှာ မယ်မယ်ရရ လုပ်ဆောင်ထားခြင်း မရှိခဲ့ပေမယ့် စက်တင်ဘာ(၄)ရက်နေ့မှာ အသင်းအတွက် ခေါ်ယူခဲ့တဲ့ ကစားသမား ခေါ်ယူမှုကတော့ အသင်းအတွက် အတော်လေးကို အကျိုးရှိသွားခဲ့ရပါတယ်။ ဒါကတော့ ကိုလံဘီယာ ဝါရင့်တိုက်စစ်မှူးကြီးုဖြစ်တဲ့ ဖယ်လ်ကာအိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ခြင်းပါပဲ။ အခုဆိုရင် ဖယ်လ်ကာအို်ိက သူပါဝင်ခဲ့ရတဲ့ လာလီဂါ(၃)ပွဲလုံးမှာ (၁)ဂိုးစီ သွင်းယူထားနိုင်သလို ဘီလ်ဘာအိုကို အနိုင်ရတဲ့ ပွဲစဉ်မှာဆိုရင်လည်း သူရဲ့သွင်းဂိုးကြောင့် ဗယ်လက်ကာနိုက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဖယ်လ်ကာအိုဟာ အသက်လက်တီကိုအသင်းနဲ့အတူ လာလီဂါမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး (၂)ရာသီအတွင်းမှာပင် လာလီဂါသွင်းဂိုး (၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားဘဝနှောင်းပိုင်းမှာ ခြေစွမ်းပိုင်းတွေ ကျဆင်းလာလို့ ပရိသတ်တွေနဲ့ပါ အလှမ်းဝေးသွားခဲ့တဲ့ ဖယ်လ်ကာအိုနဲ့ လာလီဂါကို တန်းပြန်တတ်လာခဲ့တဲ့ ဗယ်လက်ကာနိုအသင်းတို့ ဒီရာသီမှာ မထင်မှတ်ထားတာတွေကို ဘယ်လောက်အထိ လုပ်ပြနို်င်ဦးမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမှာပါ။