တချိန်က ဥရောပမြေရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို လက်ရှိမှာ စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဖယ်လ်ကာအိုက ယမန်နေ့ညမှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပြန်လည် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အပေါ် အတော်လေး ပျော်ရွှင်မိကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၃၆နှစ် အရွယ် ကိုလံဘီယာ ဝါရင့် တိုက်စစ်မှူး ဖယ်လ်ကာအိုဟာ အက်သလက်တီကို မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ မိုနာကို ၊ ချယ်လ်ဆီး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ဘဝရဲ့ အအောင်မြင်ဆုံး အချိန်တွေကိုတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ရရှိခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Metro

ဖယ်လ်ကာအိုက ယမန်နေ့ညမှာတော့ ဗယ်လက်ကာနိုကို ဦးဆောင်ကာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဗယ်လက်ကာနိုတို့က တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ဖယ်လ်ကာအိုက မန်ချက်စတာ ယူနိုက်တက်အတွက် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ပါဝင် ကစားပေးခဲ့ရာ ပြိုင်ပွဲစုံ ၂၉ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ ယူနိုက်တက် ၁-၁ ဗယ်လက်ကာနို ပွဲအပြီးမှာတော့ ဖယ်လ်ကာအိုက သူ့ကို ကြိုဆို အားပေးခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းဆီ ပြန်ရောက်လာခဲ့ရလို့ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သလို မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အကောင်းဆုံး ရလဒ်တွေ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးသွားခဲ့ပါသေးတယ်။

ဖယ်လ်ကာအိုက – “အိုးထရက်ဖို့ဒ်ကွင်းဆီ ပြန်ရောက်လာရလို့ ကျေနပ်မိပါတယ်။ ကျွန်တော်က ဒီနေ့မှာ အတော်လေး ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် ဒီနေရာမှာ အရမ်းကို ကောင်းမွန်တဲ့ အမှတ်တရတွေလည်း ရှိတယ်လေ။ ကျွန်တော်က ပရိသတ်တွေဆီ ကနေ ချစ်ခြင်းမေတ္တာတွေကို အခုချိန်အထိ ခံစားနေရဆဲ ဖြစ်သလို ဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ အကောင်းဆုံးအရာတွေ ရရှိပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။