ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား နီကိုလို ဖာဂီယိုလီဟာ တရားမဝင် လောင်းကစား လုပ်ဆောင်ထားမှုတွေကြောင့် စုံစမ်း စစ်ဆေးခံနေရတယ်လို့ အစိုးရရှေ့နေတစ်ဦးက အတည်ပြု ပြောဆိုထားခဲ့ပါတယ်။

La Stampa Daily သတင်းစာရဲ့ ဖော်ပြချက်အရ အသက် (၂၂)နှစ်အရွယ် အီတလီ ကွင်းလယ်လူဟာ တရားမဝင် အွန်လိုင်း လောင်းကစား ပလက်ဖောင်းတွေကို အသုံးပြုထားတာကြောင့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုမှာပါ ပါဝင်နေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး တူရင် အစိုးရ ရှေ့နေချုပ်က စုံစစ်စစ်ဆေးမှု သတင်းတွေကို အတည်ပြုပါကြောင်း ပြောဆိုထားခဲ့ပါတယ်။ ဖာဂီယိုလီရဲ့ ရှေ့နေဖြစ်သူကတော့ တရားစီရင်ရေး အာဏာပိုင်များနဲ့အတူ ပွင့်လင်းမြင်သာရှိစွာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အသိပေးထားခဲ့ပါတယ်။

ဒါ့အပြင် ဖာဂီယိုလီရဲ့ ရှေ့နေတွေက သူရဲ့ အမှုသည်ဟာ လက်ရှိ ကိစ္စရပ်တွေကို စိတ်အေးအေးထားပြီး ကျော်ဖြတ်လျက် ရှိနေပြီး ဂျုဗင်တပ်စ်အသင်းအတွက်ကိုပဲ သေသေချာချာ အာရုံစိုက်ထားလျက် ရှိနေတယ်လို့ပါ မီဒီယာတွေမှာ ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Juvefc

ဘောလုံးသမားတစ်ဦးအနေနဲ့ ဘောလုံးပွဲစဉ်တွေ လောင်းကစား လုပ်မိထားကြောင်း ပြစ်မှု ထင်ရှားမယ်ဆိုရင် အနည်းဆုံး (၃)နှစ်အထိ ပွဲပယ်ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ယူရို (၂၅၀၀၀)အထိ ဒဏ်ရိုက်ခံရမယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က စည်းကမ်းထုတ်ထားခဲ့တာကြောင့် လက်ရှိမှာ ဖာဂီအိုလီ နဲ့ ပေါ့ဘာတို့ ဂျုဗင်တပ်စ် အသင်းဖော်နှစ်ဦးက နှစ်ရှည် ပွဲပယ်ပြသာနာတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

လက်ရှိမှာ ဖာဂီယိုလီရဲ့ စီနီယာ ကစားသမား ပေါလ် ပေါ့ဘာကလည်း တားမြစ်ဆေး သုံးစွဲထားခြင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဆေးစစ်မှု ကျထားခြင်းတွေကြောင့် နှစ်ရှည် ပွဲပယ်ခံရဖို့ ရှိနေပြီး ဂျုဗင်တပ်စ်ကပါ ပေါ့ဘာနဲ့ စာချုပ်ဖျက်သိမ်းဖို့အထိ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။