မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှု ရရှိနေဆဲဖြစ်ပြီး အက်စတွန် ဗီလာကို အငှားသွားကစားခဲ့တဲ့ ကာလမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘာစီလိုနာဘက်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲလို့ သိရပါတယ်။
အသက်(၂၇)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ရပ်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက နည်းပြ ရူဘင် အမော်ရင် လက်အောက်မှာ ပုံမှန်နေရာမရ ဖြစ်လာပြီးနောက် ငယ်ဘဝကတည်းက ကစားခဲ့တဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာစီလိုနာနဲ့ သတင်းထွက်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး အဆင်မပြေတာကြောင့် အပြီးသတ် မပြောင်းရွှေ့နိုင်ခဲ့ဘဲ ဗီလာကိုသာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်တဲ့ ရာသီကုန် အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
Photo Credit : Caught Offside
ဗီလာမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်က နွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အခုထိ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာဟာ နွေရာသီမှာ ဘယ်တောင်ပံ ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတာကြောင့် ရပ်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ရိုမာနိုက CaughtOffside ကို ပြောကြားရာမှာ “ဘာစီလိုနာအသင်း အတွင်းပိုင်းမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ နွေရာသီ အပြောင်းအရွှေ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေဆဲလို့ ယုံကြည်နေကြတုန်းပဲလို့ ကျွန်တော် ပြောပြချင်ပါတယ်။ ဘာစီလိုနာက ရပ်ရှ်ဖို့ဒ်ဟာ အပြောင်းအရွှေ့ဈေးကွက်ထဲ ရောက်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။”
Photo Credit : Football Transfer
“ရပ်ရှ်ဖို့ဒ်က နံပါတ်(၉)နေရာမှာရော တောင်ပံမှာပါ ကစားနိုင်တာကြောင့် နေရာမျိုးစုံမှာ ကူညီနိုင်ပြီး ဘာစီလိုနာက လူတွေကလည်း သူ့ကို အားကျ နှစ်သက်ကြတဲ့ ကစားသမားတစ်ဦး ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခု ဖြစ်နိုင်တယ်လို့ သူတို့ ယုံကြည်ကြပါတယ်။ ဘာစီလိုနာက ဇန်နဝါရီတုန်းကတည်းက ရပ်ရှ်ဖို့ဒ်ကို လိုချင်ခဲ့တာပါ။ အန်ဆူ ဖာတီ မထွက်ဖြစ်ခဲ့တာကြောင့် ဘဏ္ဍာရေးဆိုင်ရာ Financial Fair Play အရ အပြောင်းအရွှေ့ကို ဟန်ချက်ညီအောင် လုပ်လို့မရခဲ့တာကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။”
“ဒါပေမဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာရဲ့ စာရင်းထဲမှာ ရှိနေဆဲပါပဲ။ ရပ်ရှ်ဖို့ဒ်က အက်စတွန် ဗီလာမှာ ဆက်မနေတော့ဘူးဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ သူဟာ ဘာစီလိုနာ ထည့်သွင်း စဉ်းစားနေတဲ့ ရွေးချယ်စရာတွေထဲက တစ်ဦးဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ဖို့အတွက် ခြေလှမ်းအဖြစ် စူပါအေးဂျင့် ပီနီ ဇာဟာဗီနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။ ဇာဟာဗီဟာ ဘာစီလိုနာ ဥက္ကဌ ဂျိုအန်း လာပေါ်တာ နဲ့ အားကစားဒါရိုက်တာ ဒေကို အပါအဝင် ဘာစီလိုနာ ထိပ်တန်းအုပ်ချုပ်သူတွေနဲ့ အလွန်ရင်းနှီးတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။