MySport Myanmar

ဘစ်ဆာခါ အသင်းက ထွက်ခွာမှသာ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူသွားမယ့် မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ ညာနောက်ခံကစားသမား အာရွန်ဝမ်ဘစ်ဆာခါ အသင်းကနေ အပြီးသတ် ဒါမှမဟုတ် အငှားစာချုပ်နဲ့ ထွက်ခွာသွားမှသာ ညာခြမ်းခံစစ်နေရာအတွက် ကစားသမားသစ်တစ်ဦးကို ပြန်လည် ဖြည့်တင်းလိမ့်မယ်လို့ ဘောလုံးအပြောင်းအရွှေ့ စပယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုက CaughtOffside မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Manchester United

မန်ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ ညာခြမ်းခံစစ်မှာ ပေါ်တူဂီ ညာနောက်ခံလူ ဒါလော့ကို ပုံမှန်နေရာပေးသွားဖို့ အစီအစဉ်ရှိနေပြီး ဒါလော့ကိုယ်တိုင်ကလည်း ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြထားနိုင်ခဲ့တာကြောင့် လက်ရှိမှာ right-back ကစားသမားတစ်ဦးကို ခေါ်ယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဘစ်ဆာခါ အသင်းကနေ ထွက်ခွာသွားမှသာ RB တစ်ဦးကို ခေါ်ယူနိုင်တယ်လို့ ဖာဘရီဇီယိုက သုံးသပ်သွားခဲ့ပါတယ်။ ဖာဘရီဇီယိုက “အာရွန်ဝမ်ဘစ်ဆာခါ အသင်းကနေ ထွက်ခွာသွားမှပဲ မန်က ညာနောက်ခံနေရာအတွက်ကို စဉ်းစားလာနိုင်ပါတယ်”

Photo Credit : Manchester Evening News

“အသင်းက ရာသီကြို ခြေစမ်းပွဲတွေမှာ ဘစ်ဆာခါနဲ့ အခြားကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အကဲဖြတ်ဖို့အတွက် အချိန်ယူနေပါတယ်။ ကျွန်တော် နားလည်ထားတာကတော့ ဒီယိုဂိုဒါလော့က အဲရစ်တန်ဟက်ဂ်ရဲ့ အစီအစဉ်ထဲမှာ ပါရှိနေပြီး နည်းပြက ပေါ်တူဂီသားကို သဘောကျနေပါတယ်။ အပြောင်းအရွှေ့အတွက် ကောလဟာလတချို့ ရှိနေတယ်ဆိုပေမယ့် ဂျိုနသန်ကလော့စ်ကတော့ ဘယ်တုန်းကမှ မန်ယူနိုက်တက်ရဲ့ ပစ်မှတ် မဖြစ်ခဲ့ပါဘူး။ ဒီကစားသမားက မာဆေးလ်ကိုပဲ ပြောင်းရွှေ့မှာ။ ဒန်ဇယ်ဒမ်ဖရိုင်းစ်ကိုတော့ တန်ဟက်ဂ်က သဘောကျနေတယ် ဆိုပေမယ့်လည်း အင်တာမီလန်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးမျိုးတော့ မရှိသေးပါဘူး” လို့ ရှင်းလင်းဖော်ပြသွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ညာနောက်ခံကစားသမား ဘစ်ဆာခါဟာ ခရစ္စတယ်ပဲလေ့စ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ပဲလေ့စ်ကနေ မန်ယူနိုက်တက်အသင်းဆီကို ပေါင်သန်း(၅၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ အသင်းနဲ့အတူ (၃)ရာသီ ဖြတ်သန်းထားခဲ့ပြီးနောက်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၁၂၆)ပွဲအထိကို ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ လာမယ့်ရာသီ နည်းပြတန်ဟက်ဂ်လက်အောက်မှာ နေရာရဖို့ မလွယ်ကူတဲ့ ဘစ်ဆာခါဟာ မန်ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖွယ်ရှိပြီး နောက်ထပ် ညာနောက်ခံလူ အီသန်လက်ဒ်ပါ အသင်းကနေ ထွက်ခွာဖွယ်ရှိလို့ ပစ်မှတ်ဟောင်းဖြစ်တဲ့ ဒမ်ဖရိုင်းစ်ကို ထပ်မံ ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version