ဘာစီလိုနာ ၊ အာဆင်နယ် ၊ ချယ်လ်ဆီး စတဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ ပြင်သစ်ကလပ် မိုနာကို အသင်းမှာ ကစားနေတဲ့ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်က သူဟာ အာဆင်နယ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် လုပ်ကိုင်နေရင်း အဘယ့်ကြောင့် ဘာစီလိုနာအသင်းထံကို ရုတ်တရတ် ပြောင်းရွှေ့သွားခဲ့ရတာလဲဆိုတဲ့ မေးခွန်းကို အင်တာဗျူးတစ်ခုမှ ဖြေဆိုသွားခဲ့ပါတယ်။ အဆိုပါ အဖြေဟာ အာဆင်နယ်အသင်း ပရိသတ်တွေ နှစ်ပေါင်းများစွာ သိရှိလိုခဲ့တဲ့ အဖြေတစ်ခု ဖြစ်ပြီး ဖာဘရီဂတ်ဟာ ငွေမက်လို့ ဘာစီလိုနာအသင်းထံကို ပြောင်းသွားတာလား ၊ ဒါမှမဟုတ် ဘာစီလိုနာအသင်းက ငယ်ဘဝ အသင်းမို့လို့ ပြောင်းသွားတာလား ဆိုတဲ့ စွပ်စွဲမှုတွေဟာ မမှန်ကန်ဘူးလို့ ဖာဘရီဂတ်က ငြင်းဆို သွားခဲ့ကာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေကို အနိုင်မယူနိုင်တာကြောင့် အာဆင်နယ်အသင်းကနေ ထွက်ခဲ့ရတာပါလို့ ဖွင့်ဟ ဝန်ခံသွားပါတယ်။

Photo Credit: Metro

ဖာဘရီဂတ်က အာဆင်နယ်အသင်းရဲ့ သမိုင်း တစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသူ တစ်ဦးဖြစ်ကာ အသက်၂၁နှစ် အရွယ်မှာပဲ အာဆင်နယ်လို ထိပ်သီး အသင်းတစ်သင်းကို ဦးဆောင် မောင်းနှင်ခဲ့ရသူပါ။ ဖာဘရီဂတ်ဟာ အာဆင်နယ် အသင်းမှာ ၂၀၀၄ခုနှစ် ကနေ ၂၀၁၄ခုနှစ်အထိ ဆယ်နှစ်တိုင်တိုင် ကစားခဲ့ပေမယ့် ၂၀၀၅ခုနှစ် မှာ အက်ဖ်အေဖလားကို ရရှိခဲ့တာဟာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ခဲ့ပြီး ဆုဖလားတွေ မရရှိသလို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးအသင်းတို့ကို အမြဲလိုလို ရှုံးနိမ့်တတ်တာကြောင့် အာဆင်နယ် အသင်းကနေ ထွက်ခွာဖြစ်ခဲ့တာပါလို့ သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ကနေ စွန့်ခွာခဲ့ရတဲ့ အကြောင်းတွေကို ပြန်လည် ပြောပြသွားခဲ့ပါတယ်။

Photo Credit: Metro

အာဆင်နယ်က ထွက်ခွာခဲ့ရမှုနဲ့ ပတ်သတ်ပြီး ဖာဘရီဂတ်က ” တစ်ခါတလေမှာ ကျွန်တော့်ရဲ့ အသင်းက ကမ္ဘာကြီးကို ဆန့်ကျင်ယှဉ်ပြိုင်နေရသလို ခံစားခဲ့ရပါတယ်။ မန်ယူ ၊ ချယ်လ်ဆီး ၊ လီဗာပူးအသင်းတို့မှာ ကစားနေတဲ့ စပိန် ကစားသမားတွေနဲ့ ဆုံတဲ့အခါ သူတို့က မင်းတို့အသင်းနဲ့ ကစားရတာကို မုန်းတယ် လို့ ကျွန်တော့်ကို ပြောလေ့ရှိပါတယ်။ အဲ့ဒီအခါကျရင် ကျွန်တော် ကလည်း အမြဲလိုလို ပြန်ပြောတတ်ပါတယ်။ မင်းတို့ ကြိုက်သလို မုန်းနိုင်ပါတယ်။ ဒါပေမယ့် ငါတို့ကသာ အမြဲတမ်း ရှုံးရတာပါကွာလို့ ပေါ့…။ အသင်းကြီးတွေက ကျွန်တော်တို့ အသင်းကို အမြဲတမ်း နိုင်နေတာကို မြင်ရတဲ့အခါ ကျွန်တော် စိတ်ပျက်မိပါတယ်။ အဲ့ဒီတုန်းက ကျွန်တော်က အရမ်းငယ်ပြီး အောင်မြင်မှုတွေကို ဆာလောင်တဲ့အချိန်ပေါ့။ ကျွန်တော်ဟာ အာဆင်နယ်နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ ဘာမဆို လုပ်ရဲပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက ဘာမှ ဖြစ်မလာခဲ့ပါဘူး။ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသင်ဘက်က မခေါ်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ ကျွန်တော်က ဘာစီလိုနာအသင်းဆီ ထွက်လာတော့တာပါပဲ ” လို့ ဖွင့်ဟဝန်ခံသွားခဲ့တာပါ။