ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အီတလီ စီးရီးဘီကလပ် ကိုမိုမှာ ကစားနေတဲ့ ဝါရင့် စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်ကတော့ သူဟာ ကစားသမားဘဝ ကနေ အနားယူပြီးသွားရင် တနေ့မှာ သူ့ရဲ့ ငယ်ဘဝကလပ် ဘာစီလိုနာကို နည်းပြချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက လူငယ် ကစားသမား ဘဝမှာ ဘာစီလိုနာကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် ကစားသမား ဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိချိန်မှာ အာဆင်နယ်ကနေ ဘာစီလိုနာဆီ ပြန်ရောက်လာကာ အသုံးတော်ခံခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: CBC

ဒါကြောင့်ပဲ ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတွေထဲက တဦး ဖြစ်သလို ဖာဘရီဂတ်စ်ကလည်း ယခုချိန်အထိ အသင်းဟောင်း ဘာစီလိုနာကို ဆက်လက် အားပေးနေဆဲ ဖြစ်သလို မကြာခဏ ဆိုသလို ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ အင်တာဗျူးတွေကို လုပ်ဆောင်လေ့ ရှိပါတယ်။

ဒီတခါမှာလည်း ဖာဘရီဂတ်စ်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူ့ရဲ့ အနာဂတ် ရည်မှန်းချက် တချို့အကြောင်းကို ဖြေကြားခဲ့ရာမှာ ဘာစီလိုနာကို နည်းပြဖို့ဟာ သူ့ရဲ့ အိမ်မက် တခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: CBC

ဖာဘရီဂတ်စ်က – “ကျွန်တော်က တနေ့မှာ ဘာစီလိုနာရဲ့ နည်းပြ ဖြစ်ချင်ပါတယ်။ ကျွန်တော့်မှာ ဒီလိုမျိုး စိတ်ဆန္ဒ ရှိတယ် ဆိုတာကို ဖုံးကွယ်ထားစရာ လိုမယ် မထင်ပါဘူး။ တကယ် ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာကိုတော့ အချိန်က စကားပြောသွားပါလိမ့်မယ်။ အခုချိန်မှာတော့ ကျွန်တော်က နည်းပြတဦး ဖြစ်လာအောင် အရင်ဆုံး လုပ်ဖို့ပဲ ကြိုးစားနေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ကဲ ဘာစီလိုနာ ပရိသတ်တွေကရော ဖာဘရီဂတ်စ်ကို အသင်းရဲ့ နည်းပြတဦး အဖြစ် မြင်တွေ့ချင်ကြလားဗျ…?