MySport Myanmar

ကန်တေရဲ့ အထူးခြားဆုံး အကြောင်းအရာတစ်ခုကို ပြောပြလာခဲ့တဲ့ ဖာဘရီဂတ်စ်

ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမားလည်းဖြစ်ပြီး ချယ်လ်ဆီး ကစားသမားဟောင်းလည်းဖြစ်တဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ပတ်သက်ပြီး အထူးခြားဆုံး စွမ်းဆောင်ရည်အကြောင်းကို သူ့အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဝါရင့် ကွင်းလယ်ကစားသမား ကန်တေဟာ လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ကို ရောက်ရှိနေပေမယ့်လည်း သူ့ကို ပြင်သစ်နည်းပြ ဒေ့ရှောင့်ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်းရဲ့ ယူရိုကစားသမားစာရင်းမှာ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ကန်တေက ပြင်သစ်ရဲ့ ယူရို-၂၀၂၄ အုပ်စုပွဲစဉ်(၂)ပွဲဖြစ်တဲ့ သြစတြီးယားနဲ့ပွဲ နယ်သာလန်နဲ့ပွဲတွေမှာပါ အသင်းအတွက် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ကစားခဲ့ရင်း အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အဲ့ဒီပွဲ(၂)လုံးရဲ့ အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကန်တေအနေနဲ့ အခုလိုလက်ရွေးစင်အသင်းအတွက် ခြေစွမ်းကောင်းမျိုးတွေ ပြသနိုင်ခဲ့ခြင်းအပေါ် ဘောလုံးပရိသတ်တွေက အတော်လေး ချီးကျူးနေကြပါတယ်။

ဘောလုံးပရိသတ်တွေအပြင် ဘောလုံးသမားဟောင်း ဘောလုံး pundit တွေကပါ ကန်တေရဲ့ performance ကောင်းတွေကို အတော်လေး ချီးကျူးနေကြသလို အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်ကလည်း ကန်တေကို ချီးမွှမ်းခန်းတွေ ဖွင့်လာခဲ့ပါတယ်။ “အန်ဂိုလိုက တကယ်ကို ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။”

Photo Credit : The Mirror

“ကျွန်တော်ကတော့ အန်ဂိုလိုရဲ့အကြောင်းတွေ ပြောတဲ့အခါ ကောင်းတဲ့အရာတွေကို အမြဲတမ်း ထည့်ေ့ပြာဖို့ လက်လွတ်မခံတက်ပါဘူး။ သူ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းဆီ ရောက်လာခဲ့ချိန်တုန်းက နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့ ကစားသမားမို့ ထင်မိရပေမယ့်လည်း နောက်ပိုင်းမှာတော့ သူ့ကို အမှားပြင်နိုင်သူအဖြစ် ပိုပြီး မြင်လာရတယ်။”

“ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး အရေးအကြီးဆုံးအရာ ဒါမှမဟုတ် အထူးခြားဆုံးအရာကတော့ သင်ယူလေ့လာချင်စိတ်နဲ့ အဲ့ဒီလို သင်ယူပြီးရင်လည်း အဲ့ဒါကို ကွင်းအတွင်းမှာ မြန်မြန်ဆန်ဆန် အသုံးချနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတာပါပဲ။” လို့ ဖာဘရီဂတ်စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version