အခု ၂၀၂၃ခုနှစ်ထဲမှာပဲ ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ စပိန် ကွင်းလယ်ကစားသမားဟောင်းကြီး ဖာဘရီဂတ်စ်က ဒီနှစ် ဘောလုံးရာသီထဲ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်လို့သွားရမယ့် ကလပ်အသင်း (၃)သင်းအကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့လို နာမည်ကျော် ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ရင်း ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို (၂)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဖာဘရီဂတ်စ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အသင်း(၃)သင်းကို ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : The Sun

ဖာဘရီဂတ်စ်က သူရဲ့အသင်းဟောင်း အာဆင်နယ်အသင်း နဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းတို့အပြင် နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းတို့က ဒီရာသီ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်သွားရမယ့် အသင်းတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဖာဘရီဂတ်စ်က စပါး လီဗာပူးလ်တို့လို ကလပ်အသင်းကြီးတွေကို ဖယ်ထားပြီး ဘရိုက်တန်ကို ရွေးချယ်ထားသလို ဘရိုက်တန်ရဲ့ မြန်နှုန်းမြင့် sharp ဖြစ်လွန်းတဲ့ ကစားဟန်က အာဆင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်းရဲ့ ကစားဟန်ကို ပြန်လည် မြင်တွေ့နေရသလိုပဲ မှတ်ချက်ပြုထားပါသေးတယ်။

Photo Credit : Opta Analyst

ဘရိုက်တန်အသင်းဟာ မနှစ်က ဘောလုံးရာသီမှာကတည်းက ပရီးမီးယားလိဂ်ရဲ့ စောင့်ကြည့်ချင်စရာ ကလပ်အသင်း ဖြစ်နေခဲ့ပြီး အမှတ်ပေးဇယား အဆင့််(၆)နေရာနဲ့ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့သလို အက်ဖ်အေဖလားမှာဆိုရင်လည်း ဆီမီးဖိုင်နယ်အဆင့်ထိပါ တက်လှမ်းနိုင်ခဲ့ပါသေးတယ်။

ဒီရာသီမှာလည်း အသင်းရဲ့ အဓိက ထောက်တိုင်တွေဖြစ်တဲ့ ကိုင်စီဒို မက်အယ်လ်စ္စတာတို့လို ကစားသမားတွေကို ရောင်းချထားရပေမယ့်လည်း အသင်းအတွက် လုံးဝ အသုံးဝင်မယ့် ကစားသမားသစ်တွေ ပြန်လည် ဖြည့်တင်းထားနိုင်ခဲ့သလို အသင်းမှာ ဆက်လက် ရှိနေတဲ့ ကစားသမားတွေနဲ့ပါ ပေါင်းစပ်ရင်း အသင်းက ပိုလို့တောင် အင်အားတောင့်တင်းလာခဲ့ရပါတယ်။