ပရီးမီးယားလိဂ် ကလပ် လီဗာပူး အသင်းရဲ့ အဓိက ကြယ်ပွင့် တိုက်စစ် ကစားသမားဖြစ်သူ မိုဟာမက် ဆာလက်ဟာ အနာဂါတ်မှာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့နိုင်ချေရှိတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း အန်ဖီးလ်မှာ ပျော်ရွှင်လျက်ရှိနေကြောင်း အသင်းဖော် ကစားသမားဖြစ်သူ နောက်ခံလူ ဖာဘင်ဟိက အတည်ပြုပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ အသင်းကို ကစားသမား အတော်များများက အကောင်းဆုံး အသင်းတွေ အဖြစ် သတ်မှတ်ထားကြပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက် ကလည်း ဆာလက်က အဆိုပါ နှစ်သင်းကို ထိပ်တန်းအသင်း နှစ်သင်းအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြပြီးတဲ့ နောက်ပိုင်း အခုလို ကောလဟာလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ပြီးခဲ့တဲ့ လလောက်ကလည်း ဆာလက်ရဲ့ အီဂျစ်နိုင်ငံလက်ရွေးစင် အသင်းဖော် ကစားသမားဟောင်းဖြစ်သူ မိုဟာမက် အဘောက်ထရစ်ကာက ဆာလက် အနေနဲ့ အသင်းမှာ မပျော်မရွှင် ဖြစ်နေကြောင်း သူ့ကို လူကိုယ်တိုင် ပြောခဲ့တယ်ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ အဘောက်ထရစ်ကာက ဆာလက်အနေနဲ့ အသင်းမှာ မပျော်ရွှင်ရတဲ့ အဓိကအကြောင်းအရင်းဟာ မစ်ဂျေးလန်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို မဝတ်ဆင်ခဲ့ရတာကြောင့် ဖြစ်ပြီးတော့ အခြား လျှို့ဝှက်တဲ့ အကြောင်းအရင်းတွေလည်း ရှိသေးကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းဖော် ဖာဘင်ဟို ကတော့ အဆိုပါ ကိစ္စကို ပြဿနာလို့ မမြင်ပဲ ဆာလက် အနေနဲ့ သူ့ကိုယ်သူ အကောင်းဆုံး ပုံစံကို လိုချင်နေသေးကြောင်းနဲ့ လီဗာပူး အသင်းအတွက် အကောင်းဆုံး ကြိုးစားနေကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။

Photo Credit: Sky Sports

“ နာမည်ကြီး ကစားသမားတွေတိုင်းကတော့ ကောလဟာလ တွေမှာ သူတို့ရဲ့ နာမည်တွေ ပါစမြဲပါပဲ။ ဆာလက်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသင်းတွေထဲက တစ်ခုဖြစ်တဲ့ လီ‌ဗာပူး အသင်းမှာ ကစားနေတာပါ။ ဒါကြောင့်မို့လည်း သူ့နာမည်ကို အခြားအသင်းတွေ အထူးသဖြင့် နိုင်ငံရပ်ခြားက အသင်းတွေက ခေါ်ယူမယ့် နေရာမှာ တွေ့ရ‌တာ သာမန် ကိစ္စတစ်ရပ်လို့ပဲ မြင်ပါတယ်။ သူ ဒီမှာ အလွန် ပျော်ရွှင်နေတယ် ဆိုတာ ကျွန်တော် မြင်ပါတယ်၊ ပြီးတော့ သူ့ရဲ့ ဒီရာသီ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး အားရမိပါတယ်။ သူက အကောင်းဆုံးဖြစ်ချင်တာပါ၊ သူက အသင်းကို ကူညီပြီးတော့ အဲ့ဒါ အတွက် အကောင်းဆုံး ကြိုးစားချင်တာပါ။ အဲ့ဒါက အမြဲတမ်း တည်ရှိနေမှာ ဖြစ်ပြီးတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ လူတိုင်း မြင်လေ့ရှိတဲ့ ပုံစံအတိုင်းပဲ သူ ဂိုးတွေ ဆက်သွင်းနေတယ်။ အဝတ်လဲခန်းထဲမှ ာဆိုရင်လည်း သူ လူတိုင်းနဲ့ စကားပြောလေ့ရှိပြီးတော့ ဟာသတွေတောင် လုပ်လေ့ရှိပါတယ်။ သူ့မှာ အခြားဖိအားဘာညာ ကို မမြင်ရပါဘူး။ ချုံပြောရရင်တော့ ကျွန်တော်က သတင်းတွေ ဖတ်လေ့မရှိပါဘူး၊ ဒါကြောင့်မို့ ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့ တော့မသေချာပါဘူး။ ကျွန်တော် ပြောခဲ့သလိုပဲ၊ ထိပ်တန်းအရည်အချင်းမျိုး ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေက အသင်းကြီးတွေနဲ့ အမြဲတမ်း သတင်းထွက်လေ့ရှိကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။