ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟို ကတော့ ဒဏ်ရာရရှိနေတဲ့ အသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ရဲ့ နေရာကို အစားထိုး ဝင်ရောက် နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစား နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၉နှစ်အရွယ် နယ်သာလန် နောက်ခံလူ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီမှာ အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်ကြော ပြတ်တောက်တဲ့ ဒဏ်ရာ ရရှိခဲ့ပြီး လက်ကျန် ဘောလုံးရာသီ တစ်ခုလုံး အနားယူရမယ့် အနေအထားမှာ ရှိနေသူပါ။

Photo Credit: AS English

ဗန်ဒိုက်တစ်ယောက် ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ချိန်မှာ လီဗာပူးအသင်းရဲ့ နောက်တန်းမှာ ဗဟိုခံစစ် ကစားသမား ၂ဦးသာ ကျန်ရှိတော့ပြီး အဆိုပါ နှစ်ဦးထဲမှာမှ မာတစ်ဟာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် အေဂျက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဖာဘင်ဟိုဟာ အသင်းရဲ့ ဗဟိုနောက်ခံလူ နှစ်ဦးနေရာမှာ ဂိုးမက်စ်နဲ့ တွဲကာ ကစားခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ ဖာဘင်ဟိုဟာ အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သလို သေချာပေါက် ဂိုးပေးရမယ့် အခွင့်အရေး တစ်ကြိမ်ကိုလည်း ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဖာဘင်ဟိုဟာ အဆိုပါပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို လီဗာပူးပရိသတ်တွေနဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေက ဖာဘင်ဟိုဟာ ဗန်ဒိုက်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား ဖြစ်ကြောင်း ဝိုင်းဝန်း ချီးကျူးထားကြပါတယ်။

Photo Credit: AS English

ဖာဘင်ဟိုကတော့ သူ့အနေနဲ့ ဗန်ဒိုက်ရဲ့ နေရာမှာ အစားဝင် ကစားနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေပြီး ပြန်ကျလာတဲ့ ဘောလုံးတွေကို လုယူရာမှာ အကောင်းဆုံး ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း ပြောကြား သွားပါတယ်။ ဖာဘင်ဟိုက ” မန်နေဂျာ(ကလော့ပ်)က အသင်းဖော်တွေနဲ့ စကားပြောပြီး အသင်းကို ဦးဆောင်နိုင်အောင် ကြိုးစားဖို့ ပြောခဲ့ပါတယ်။တစ်ခါတစ်လေဆို ကျွန်တော်က second ball တွေကို ရရှိအောင် ကြိုးစားရလေ့ ရှိပြီး ဒီထက် ပိုကောင်းတဲ့ ဖိအားပေး ကစားပုံမျိုးနဲ့ ကစားဖို့ ကြိုးစားနေပါတယ်။ အခု ဗန်ဒိုက်နေရာမှာ အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ။ ဗန်ဒိုက် အကြာကြီးနားရမယ့် သတင်းကြားတုန်းက အစမှာ အတော်လေး လန့်သွားခဲ့တယ်။သူက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူလေ။ ဒါပေမယ့် အရေးကြီးဆုံး အရာက ဗန်ဒိုက်ဟာ အသင်းတွင်းနဲ့ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင် တစ်ဦး ဖြစ်နေတာပါပဲ” လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။