အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပြီဖြစ်တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာ စီးတီးအသင်း နည်းပြ ပက်ပ် ဂွာဒီယိုလာကို ခန့်အပ်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ဟာ အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ပေးခဲ့ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ နည်းပြရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပါတယ်။
Photo Credit : CNA
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ နည်းပြ ဆောက်ဂိတ်ကို အသင်းနည်းပြအဖြစ် ဆက်လက် မြင်တွေ့သွားချင်နေပြီး ယူရို-၂၀၂၄ ဖိုင်နယ်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဆောက်ဂိတ်ကိုသာ နည်းပြရာထူးမှာ ဆက်ထားဖို့အထိ ဆုံးဖြတ်ထားခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ ဒီအချိန်ဟာ အင်္ဂလန်နည်းပြရာထူးကို စွန့်လွတ်လိုက်ရတော့မယ့် အချိန်မှန်း သတိထားမိခဲ့တာကြောင့် ရာထူးကနေ နုတ်ထွက်ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ သတင်းတွေကနေ ဖော်ပြချက်များအရ အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်နေရာအတွက် အက်ဒီဟောင်း ၊ ဂရေဟမ် ပေါ်တာ ၊ ပိုချက်တီနို ၊ လီကာစလေတို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြနေသလို လီဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကိုပါ အလိုရှိနေတယ်လို့ပါ ဖော်ပြနေကြပေမယ့် ကလော့ပ်ကတော့ နည်းပြအလုပ်ကို ပြန်လုပ်မယ်ဆိုရင်တောင် အင်္ဂလန်ထက် ဂျာမနီကိုပဲ ပိုမို ကိုင်တွယ်နိုင်ခြေသာ ရှိနေပါတယ်။
Photo Credit : Reddit
ဒီအချိန်မှာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်က နည်းပြသစ်နေရာအတွက် တကယ် စိတ်ဝင်စားနေတာက မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာ ဖြစ်နေပါတယ်။ ဂွာဒီယိုလာဆိုတာ ဘောလုံးလောကရဲ့ နည်းပြတွေထဲမှာ GOAT တစ်ဦးလို့တောင် သတ်မှတ်လို့ရနိုင်မယ့် နည်းပြတစ်ဦးဖြစ်ပြီး အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂွာဒီယိုလာက မန်စီးတီးအသင်းနဲ့လည်း စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာဖြစ်လို့ အင်္ဂလန်အနေနဲ့ ဂွာဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်သွားနိုင်ဖို့အတွက် စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ စောင့်ဆိုင်းနိုင်ဖွယ် ရှိနေပြီး လက်ရှိမှာတော့ ယာယီနည်းပြတစ်ဦးကိုသာ တာဝန်ပေးထားဖွယ်လည်း ရှိနေပါတယ်။