ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ယခုနှစ်အတွက် ကွာတားဖိုင်နယ်အဆင့်ပွဲတွေကိုတော့ မကြာခင်မှာပဲ ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုကိုတော့ ယနေ့မနက်မှာပဲ ပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ပဉ္စမအဆင့် ပွဲစဉ်ရှစ်ပွဲအနက် ခုနှစ်ပွဲကို ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကာ ယနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ယူအသင်းနဲ့ ဒါဘီအသင်းတို့ရဲ့ ပွဲစဉ်တစ်ပွဲထဲသာ ကျန်ရှိပါတော့တယ်။
Photo Credit: FA.com
အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ပွဲစဉ်ရှစ်ပွဲမှာ ခုနှစ်ပွဲပြီးဆုံးသွားချိန်မှာတော့ ကွာတားအဆင့်ကို မန်စီးတီး ၊ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ လက်စတာ ၊ ရှက်ဖီးလ်ယူနိုက်တက် ၊ နယူးကာဆယ် ၊ နောဝှစ်ချ်စတဲ့ အသင်းတွေက တက်လှမ်းနိုင်ခဲ့ကြပြီး ယနေ့ညမှာတော့ မန်ယူအသင်းနဲ့ ဒါဘီအသင်းတို့က လက်ကျန်တစ်နေရာအတွက် တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။ ယနေ့ မနက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကွာတားဖိုင်နယ် မဲခွဲပွဲအရတော့ ကွာတားဖိုင်နယ်အဆင့်မှာ ချယ်လ်ဆီးအသင်းက လက်စတာအသင်းနဲ့ တွေ့ဆုံကာ ပွဲကြပ်တစ်ပွဲရင်ဆိုင်ရမှာဖြစ်ပြီးကျန်ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့အာဆင်နယ်ကလဲ ခက်ခဲတဲ့ပွဲစဉ်တွေကို ကစားရဖို့ ရှိနေပါတယ်။
Photo Credit: FA.com
မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်သလို အာဆင်နယ်အသင်းကလဲ ယခုနှစ်ရာသီမှာ ခြေစွမ်းကောင်းနေတဲ့ ရှက်ဖီးလ်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ လက်စတာအသင်းနဲ့ပွဲကြပ်တစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်သလို အဝေးကွင်းလဲ ဖြစ်တာကြောင့် ပိုမိုရုန်းကန်ရဖို့ ရှိနေပါတယ်။ စပါးအသင်းကို အဝေးကွင်းမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ နောဝှစ်ချ်ကတော့ အိမ်ကွင်းမှာ မန်ယူနဲ့ဒါဘီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းကို ဧည့်ခံကစားသွားရမှာပါ။ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုတော့ မတ်လ ၂၀ရက်နေ့ကနေ ၂၂ရက်နေ့ ကြားထဲမှာ ယှဉ်ပြိုင်သွားကြမှာပဲ ဖြစ်ပါတယ်။