အက်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မဲခွဲမှုရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး နောရစ်ချ်ကို အချိန်ပိုမှာ အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက လက်စတာအသင်းကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်အသင်းကို ပွဲပြီးခါနီးမှာ အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ အာဆင်နယ်အသင်းကတော့ နယူးကာဆဲလ်နဲ့မန်စီးတီးတို့ပွဲက အနိုင်ရလာခဲ့တဲ့အသင်းနဲ့ တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။

အခုမဲခွဲခဲ့တဲ့ ရလဒ်အနေအထားအရဆိုရင် ဒီနှစ်ဘောလုံးရာသီရဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပြိုင်ပွဲတွေကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေမှာတော့ သေချာပါတယ်။ ဒီဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်ဇူလိုင်လ(၁၈)ရက်နေ့နဲ့ (၁၉)ရက်နေ့တွေ ဝင်ဘာလေကွင်းအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲတွေကိုတော့ ထုံးစံအတိုင်း တစ်ကျော့တည်းသာ ကျင်းပမှာဖြစ်ကာ လက်ရှိအတိုင်း ပရိသတ်မပါဝင်ပဲ ကစားစေမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဆုံတွေ့နေကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ကတော့ ဒီရာသီမှာ (၄)ကြိမ်မြောက်အဖြစ် ဆုံတွေ့ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်(၂)ကြိမ်လုံး တွေ့ဆုံမှုမှာ ယူနိုက်တက်ကပဲ (၂)ကြိမ်လုံး ဂိုးအပြတ်အသတ်နဲ့ အနိုင်ရထားခဲ့သလို လိဂ်ဖလားမှာလည်း ယူနိုက်တက်ကပဲ (၂)ဂိုး(၁)ဂိုးနဲ့ ကပ်နိုင်ထားခဲ့ပါတယ်။ လက်ရှိမှာက အာဆင်နယ်ဟာလည်း ဆီမီးမှာ မန်စီးတီးနဲ့ ဆုံတွေ့ရဖွယ်ရှိနေပြီး မန်စီးတီးက ဒီရာသီမှာ အာဆင်နယ်နဲ့ (၂)ကြိမ်တွေ့ဆုံခဲ့ရာ (၂)ကြိမ်လုံးကို (၃)ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့တာကြောင့် အခုလို လန်ဒန်အသင်းတွေနဲ့ မန်ချက်စတာအသင်းတွေ ထိပ်တိုက်တွေ့ဆုံစဉ်မှာ လန်ဒန်အသင်းတွေက သူတို့ရဲ့ဒီရာသီ ဆုံတွေ့ကြိမ်တိုင် ရလဒ်မကောင်းထားတာတွေကို ပြောင်းပြန်လှန်ပစ်နိုင်မလား ဒါမှမဟုတ် မန်ချက်စတာအသင်းတွေကပဲ ဆက်ပြီးရလဒ်တွေကောင်းနေဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။