ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)နဲ့အတူ ပြည်တွင်းရှံးထွက်ဖလားတစ်ခုဖြစ်တဲ့ အက်အေဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုပါ တပြိုင်နက်တည်း ကျင်းပသွားမှာဖြစ်ပါတယ်။ လီဗာပူးလ် စပါးတို့လို ထိပ်သီးအသင်းကြီးတွေက ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီဖြစ်ပေမယ့် အက်အေဖလားရဲ့လက်ရှိချန်ပီယံမန်စီးတီးအပြင် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် လက်စတာတို့လို အသင်းကောင်းတွေ ကျန်ရှိနေသေးတဲ့အတွက် ပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းနေဦးမှာ သေချာနေပါတယ်။

Photo Credit : Getty Image

 

နောရစ်ချ် နဲ့ မန်ချက်စတာယူနိုက်တက် (စနေနေ့ည၁၁နာရီ)

နောရစ်ချ်က ပရီးမီးယားလိဂ်ကနေ တန်းပြန်ဆင်းရဖို့ သေချာသလောက်ရှိနေပြီဖြစ်လို့ အက်အေဖလားမှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် နောရစ်ချ်ရဲ့လက်ရှိခြေစွမ်းက ကွင်းလယ်ပိုင်းကလွဲရင် ဘာမှကို အားရစရာ ရှိမနေပါဘူး။ ယူနိုက်တက်ကတော့ ဒီပွဲမှာ အရန်တွေကို ပွဲထုတ်လာနိုင်တယ်ဆိုပေမယ့် နောရစ်ချ်ကိုတော့ ရအောင်ကျော်ဖြတ်မှာပါ။ ယူနိုက်တက်ပဲ ဆီမီးဖိုင်နယ်ကို တတ်လှမ်းပါမယ်။ (၂)ဂိုးလောက် ပြတ်နိုင်ပါတယ်။

Photo Credit : Getty Image

ရှက်ဖီးယူနိုက်တက် နဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ည၆နာရီခွဲ)

ရှက်ဖီးကတော့ ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်ကတည်းက နိုင်ပွဲပြန်မရှာတွေ့သေးပဲ သူတို့ရဲ့ပုံစံလည်း ပျက်သွားခဲ့ရပါတယ်။ ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတဲ့ အာဆင်နယ်ကတော့ ဆောက်သမ်တန်ကို နိုင်လိုက်ရလို့ စိတ်ဓါတ်ပိုင်း ပြန်လည်မြင့်မားနေမှာပါ။ လက်ရှိခြေစွမ်းပိုင်းတွေအရ ကွာခြားချက် များများစားစား မရှိလှပေမယ့် ကစားသမားပိုင်းနဲ့ အတွေ့အကြုံပိုင်းမှာ ပိုသာလွန်နေမယ့် အာဆင်နယ်ပဲ နောက်တစ်ဆင့်တတ်လိမ့်မယ်လို့ ယူဆမိပါတယ်။

Photo Credit : Getty Image

လက်စတာ နဲ့ ချယ်လ်ဆီး (တနင်္ဂနွေနေ့ည၉နာရီခွဲ)

ဒီပွဲကတော့ ကွာတားဖိုင်နယ်ပွဲအားလုံးထဲမှာ ကြည့်အကောင်းဆုံးပွဲဖြစ်နေမှာ သေချာပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးက လက်စတာထက်ကို ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်နေတာ သေချာနေပေမယ့် ချယ်လ်ဆီးက မန်စီးတီးနဲ့ ကစားထားလို့ ပွဲပန်းနေမှာဖြစ်သလို လက်စတာက ဒီပွဲမတိုင်ခင် နားရက်လည်း ပိုရထားလို့ ဒီပွဲမှာ လန်းဆန်းနေမှာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက အက်အေဖလား အတွေ့အကြံု လက်စတာအသင်းထက် ပိုများနေတဲ့အပြင် အက်အေဖလားက ချယ်လ်ဆီးအတွက် ဒီရာသီ မျှော်လင့်ရတဲ့ တစ်ခုတည်းသော ဖလားဖြစ်နေလို့ ချယ်လ်ဆီးကိုပဲ ယုံကြည်ထားချင်ပါတယ်။

Photo Credit : Getty Image

နယူးကာဆဲလ် နဲ့ မန်စီးတီး (တနင်္ဂနွေနေ့ည၁၂နာရီ)

နယူးကာဆဲလ်က ခြေစွမ်းတတ်ရိပ်ပြနေသလို ဒီပုံစံအတိုင်းသာဆိုရင် ပရီးမီးယားလိဂ်မှာလည်း ကျန်ရစ်နိုင်လောက်ပါတယ်။ မန်စီးတီးကလည်း ဒီပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်သလို ပရီးမီးယားလိဂ်ဖလားကို လွဲချော်ထားရလို့ ပြည်တွင်းဖလားဖြစ်တဲ့ အက်အေဖလားကို ထပ်မံရယူဖို့ ဆုံးဖြတ်ထားဖွယ် ရှိပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ ပွဲကျပ်ကစားထားခဲ့ရသလို နယူးကာဆဲလ်ရဲ့အိမ်ကွင်းကစားအားတွေကြောင့် ခက်ခက်ခဲခဲ ကစားရနိုင်ပြီး မန်စီးတီး ကပ်ပဲနိုင်ဖွယ်ရှိပါတယ်။