MySport Myanmar

ငှက်ကျားကို ရှုံးခဲ့တဲ့ပွဲမှာ ဒိုင်အဖွဲ့အား ဝေဖန်ခဲ့တဲ့ အာတီတာကို အပြစ်ပေးတော့မယ့် FA

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FAက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာ အာဆင်နယ်နည်းပြချုပ် အာတီတာက အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် အက်ဝပ်နဲ့ VARဒိုင်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မှု အတွက် အာတီတာကို FA Rule 3.1နဲ့ စွဲချက်တင်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသလို အငြင်းပွားဖွယ် ဖြစ်ရပ်တွေလည်း အများကြီး ဖြစ်ခဲ့ပြီး အခုချိန်အထိ အငြင်းပွားလို့ မပြီးသေးတဲ့ ကိစ္စတခုကတော့ နယူးကာဆယ်ရဲ့ အနိုင်ဂိုး ဖြစ်တဲ့ ဂေါ်ဒွန်ရဲ့ သွင်းဂိုးပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဂေါ်ဒွန်ရဲ့ သွင်းဂိုးမှာ အငြင်းပွားဖွယ်ရာ ဖြစ်ရပ် ၃ခု အထိ ရှိခဲ့ပြီး ပထမ တခုက နယူးကာဆယ် ကွင်းလယ်လူ ဝီးလော့က ဂိုးလွန်ဘော ဖြစ်ခါနီး ဘောလုံးကို ပြန်လည် ဆယ်ယူချိန်မှာ ဘောလုံးက ဂိုးစည်းကို ကျော် ၊ မကျော် ၊ ဒုတိယ တခုက နယူးကာဆယ် ကွင်းလယ်လူ ဂျိုအယ်လင်တန်က အာဆင်နယ်ခံစစ်မှူး ဂါဘရီရယ်နဲ့ ခေါင်းယှဉ်တိုက်ချိန်မှာ ဂါဘရီရယ်အပေါ် ပြစ်ဒဏ်ကျူးလွန်ခြင်း ရှိ ၊ မရှိနဲ့ နောက်ဆုံးတခုကတော့ အနိုင်ဂိုးရှင် ဂေါ်ဒွန်ဟာ ဂိုးသွင်းချိန်မှာ လူကျွံ ၊ မကျွံ စတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်ရဲ့ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဟောင်းဝပ်ဝက်ဘ်ကတော့ နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲစဉ်မှာ ဂေါ်ဒွန်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့မှုဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ကြောင်း မကြာမီကမှ တရားဝင် ထုတ်ပြောထားပါတယ်။

ဒါပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာနဲ့ အာဆင်နယ်တို့က ဒိုင်လူကြီး အက်ဝပ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေကြဆဲ ဖြစ်သလို အာတီတာက နယူးကာဆယ် ၁-၀ အာဆင်နယ် ပွဲအပြီးမှာ အက်ဝပ်ရဲ့ ဆုံးဖြတ်ချက် အမှားတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတာကို ရှက်လာပြီလို့ ထုတ်ပြောကာ ဒိုင်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit: Bein Sports

လက်ရှိမှာတော့ FAက အာတီတာကို Rule 3.1ကို ချိုးဖောက်မှုနဲ့ စွဲချက်တင်ကာ အရေးယူဖို့ ပြင်ဆင်နေပြီး အာတီတာကို အရေးယူတော့မယ့် အကြောင်းအား အခုလိုပဲ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ FAက – “မီခေး အာတီတာဟာ FA Rule 3.1ကို ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ အာတီတာက နိုဝင်ဘာလ ၄ရက်နေ့ (ဗြိတိန်စံတော်ချိန်) ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ် ပွဲအပြီးမှာ ပေးခဲ့တဲ့ မှတ်ချက်စကားကြောင့် အခုလို စွဲချက်တင်ခံရတာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။

Rule 3.1နဲ့ စွဲချက်တင်ခံခဲ့ရတာကြောင့် အာတီတာက သူ မှားခဲ့ကြောင်း ဝန်ခံခဲ့ရင် ၁ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၈၀၀၀ ပေးဆောင်ရဖို့ ရှိနေပြီး အကယ်၍ အာတီတာကသာ စွဲချက်ကို လက်မခံပဲ အယူခံဝင်ခဲ့လို့ အယူခံမှာပါ ထပ်မံ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ၂ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၁၂၀၀၀ ပေးဆောင်ရမယ်လို့ သိရပါတယ်။

Exit mobile version