တရုတ်နိုင်ငံ ဝူဟန့်ပြည်နယ်ကနေ စတင်ပြီး ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိမှာ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးအဖြစ် WHOရဲ့ ကြေညာခြင်းကို ခံထားရပြီး ကမ္ဘာ့ အင်အားကြီးနိုင်ငံတော်တော်များများမှာ ပျံ့နှံ့နေကာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်ကို တားဆီးနိုင်မယ့် ဆေးဝါးတွေ ထွက်ပေါ်လာခြင်း မရှိ သေးပါဘူး။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုပြဿနာကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်း အတော်များများဟာ ခေတ္တရပ်ဆိုင်းထားခဲ့ရသလို စီးပွားရေးဟာလည်း အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အဆိုပါ စီးပွားရေးကျဆင်းမှုပြဿနာရပ်ဟာ ကျွန်တော်တို့ချစ်တဲ့ ဘောလုံးလောကဆီကိုလဲ ကူးစက်လာပါပြီ။

Photo Credit: Mirror.com

ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့ပွားနေတာကြောင့် လက်ရှိမှယ လူစုလူဝေး ဖြစ်စေတဲ့ ဘောလုံးပွဲတွေကို သက်ဆိုင်ရာနိုင်ငံတွေက ခေတ္တရပ်နားထားစေခဲ့ကာ ဘောလုံးပွဲတွေ ရပ်နားတာ ကြာလာတာနဲ့အမျှ ဘောလုံးအသင်းတွေရဲ့ ဝင်ငွေ အများစုဟာ ရပ်ဆိုင်းသွားခဲ့ရသလို အသင်းရဲ့ ဝန်ထမ်းတွေကို လစာပေးချေရမယ့်ကိစ္စတွေ ၊ အကယ်၍ ဘောလုံးရာသီကိုသာ ဖျက်သိမ်းခဲ့ရပါက ရုပ်သံလွှင့်ဌာနတွေကို လျော်ကြေးပေးရဖို့ ရှိနေတဲ့ကိစ္စတွေကြောင့် ဘောလုံးအသင်း အတော်များများဟာ ခေါင်းခဲနေကြပါတယ်။ အဆိုပါအသင်းတွေထဲမှာ ရုပ်သံလွှင့်ခအများဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ်က အသင်းအများစုလည်း ပါဝင်ကြပြီး ပရီးမီးယားလိဂ် အသင်းတွေအနေနဲ့ သူတို့ရရှိထားတဲ့ ရုပ်သံကြေးတွေကို ပြန်လည်မပေးရစေဖို့အတွက် လက်ရှိ ဘောလုံးရာသီကို ခပ်မြန်မြန် ပြန်လည် စတင်ဖို့ အလိုရှိနေကြပါတယ်။ ဒါပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FAကတော့ ပွဲတွေကို ပြန်လည်စတင်ဖို့ ကိစ္စကို အသေအချာ စဉ်းစား ဆုံးဖြတ်သွားမယ်လို့ ကလပ်အသင်းတွေကို အသိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

FAဟာ ယခုနှစ်ဘောလုံးရာသီကို အမြန်ဆုံး အပြီးသတ်လိုနေပေမယ့် ဘောလုံးရာသီကို အပြီးသတ်ရေးထက် လူထုရဲ့ ကျန်းမာရေးကိုပဲ အဓိကထားသွားမယ်လို့ FAရဲ့ ဥက္ကဌ ဖြစ်တဲ့ Clarkeက ပြောဆိုသွားပါတယ်။ Clarke က ” ကျွန်တော်တို့ဟာ လက်ရှိရာသီကို အပြီးသတ် လိုကြပါတယ်။ ဒါမှလည်း တန်းဆင်းရမယ့် အသင်းတွေ ၊ တန်းတက်ရမယ့်အသင်းတွေနဲ့ ချန်ပီယံဖြစ်မယ့် အသင်းတွေကို ဆုံးဖြတ်လို့ ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ယခုနှစ် ဘောလုံးရာသီကို အပြီးမသတ်တာလ​ဲ ဖြစ်နိုင် ပါတယ်။ ဘောလုံးရာသီပြီးဆုံးဖို့ကို ပထမဦးစားပေးအဖြစ် မသတ်မှတ်ထားပါဘူး။ လူ့အသက်တွေက အရေးကြီးပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်သွားမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။ လက်ရှိမှာတော့ Clarke ရဲ့စကားကြောင့် လီဗာပူးအသင်းအနေနဲ့လည်း သူတို့အသင်း မျှော်မှန်းထားတဲ့ ပရီးမီးယားလိဂ်ဖလားအား မရရှိမှာကို စိုးရိမ်နေတယ်လို့ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟလာခဲ့ကြပါတယ်။