မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသလောက်ကို ဖြစ်နေရတဲ့ အခြေအနေအပေါ်မှာ အတော်လေးကို စိတ်ပျက်လျက်ရှိနေပြီး သူရဲဲ့ အနာဂတ်အတွက် သေချာတဲ့ အာမခံချက်တစ်ခုကို ရရှိချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွယ်ရှိ အိုင်ဗရီကိုစ့်လက်ရွေးစင် နောက်ခံလူ ဘိုင်လီဟာ ဒီနှစ်ရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ် တစ်ပွဲတည်းကိုသာ ပါဝင်ထားခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာတော့ တစ်မိနစ်မှကို ပါဝင်ခွင့် မရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က ဘိုင်လီကို ပြီးခဲ့တဲ့ ဧပြီလကပဲ အသင်းနဲ့ သက်တမ်းတိုးထားခဲ့​တာဖြစ်လို့ သက်တမ်းတိုးထားပြီး အသင်းမှာ ပါဝင်ကစားခွင့်တွေ မပေးခြင်းအပေါ် ဘိုင်လီအနေနဲ့ အလွန်စိတ်ပျက်​နေတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို ပွဲထွက်ကစားခွင့်ပြုခဲ့ရာ မက်ဂွိုင်းရားက လက်စတာနဲ့ပွဲမှာရော လီဗာပူးလ်နဲ့ပွဲမှာပါ ဒဏ်ရာကနေ အရှင်းမပျောက်သေးတဲ့ အခြေအနေမျိုးနဲ့ သူနဲ့ စွမ်းဆောင်ရည်ပိုင်းက ကျဆင်းနေခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းအတွက် အဆင့်သင့် ပါဝင်နိုင်တဲ့ ဘိုင်လီကို နေရာမပေးခဲ့တာကြောင့် ဘိုင်လီကိုယ်တိုင် ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်ခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ ဘိုင်လီက သူရဲ့ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အခြေအနေအတွက် အသင်းဘက်က သေချာခိုင်မာတဲ့ အာမခံချက်တစ်ခု ပေးနိုင်ဖို့ကို အလိုရှိနေပြီး ဒီလိုသာ အာမခံချက် မပေးနိုင်ဘူးဆိုရင်တော့ လာမယ့် စျေးကွက်တွေအတွင်း ယူနိုက်တက်ကနေ အခြားသော ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားဖွယ် ရှိလာနိုင်ပါတယ်။ လတ်တလောမှာ ဘိုင်လီကို ပိုင်ရှင်အပြောင်းအလဲ ဖြစ်လို့ထားတဲ့ နယူးကာဆယ်အသင်းကနေ စိတ်ဝင်စားလျက် ရှိနေပါတယ်။