MySport Myanmar

လူငယ်ကြယ်ပွင့်လေး ဂါနာချိုကို စာချုပ်သက်တမ်းတိုးသွားဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့ရက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ယူ-၁၈အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ် ယူ-၁၈အသင်းတို့ရဲ့ အက်အေလူငယ်ဖလား ဗိုလ်လုပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပြီး ဆုဖလားပါ ရယူပေးခဲ့တဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ စီစဉ်လျက် ရှိနေပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၁၇)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ဆယ်ကျော်သက် ကစားသမားလေး ဂါနာချိုဟာ ၂၀၂ဝခုနှစ်ကမှ အသက်လက်တီကို လူငယ်အသင်းကနေ ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာပဲ ယူ-၁၈အသင်းအတွက် (၇)ဂိုးသွင်း (၄)ဂိုးဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာလည်း (၁၅)ဂိုးသွင်း (၆)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံ ကစားသမားလေး ဂါနာချိုဟာ FA Youth Cup ပြိုင်ပွဲမှာလည်း ဖိုင်နယ်သွင်းဂိုး(၂)ဂိုး အပါအဝင် စုစုပေါင်း သွင်းဂိုး(၇)ဂိုးနဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးသော ခြေစွမ်းတွေပြသခဲ့ပြီး FA Youth Cup ချန်ပီယံဆုကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနှစ်ဘောလုံးရာသီ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးသော လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဂါနာချိုဟာ နောဝစ်ချ် လီဗာပူးလ် အာဆင်နယ် ချယ်လ်ဆီး ဘရန့်ဖို့ဒ် ဘရိုက်တန်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်လာခဲ့ရသလို ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာတော့ ပွဲပြီးဆုံးခါနီးမှာ လူစားဝင်အဖြစ်နဲ့ ပါဝင်ခွင့် ရရှိခဲ့ရပါတယ်။ စီနီယာအသင်းကြီးအတွက် တစ်မိနစ်ခန့်လောက်သာ ကစားထားရသေးပေမယ့်လည်း လူငယ်အသင်းမှာ သူရဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားနိုင်မှုကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမယ့် ရာသီအပိတ်ပွဲစဉ်မှာ ပွဲကစားခွင့်တွေ ပိုမိုရရှိဖွယ် ရှိနေသလို လာမယ့်ရာသီ အသင်းကို အဲရစ်တန်ဟက်ဂ် ကိုင်တွယ်ချိန်မှာလည်း ဘောလုံးစွမ်းရည် ကောင်းမွန်လှတဲ့ ဂါနာချိုအနေနဲ့ စီနီယာအသင်းကြီးအတွက် ပွဲကစားခွင့်တွေ ရရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေးအတွက် ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေတဲ့အပြင် ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေမှာ သွားရောက်ကျင်းပမယ့် ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာလည်း အသင်းနဲ့အတူ ခေါ်ဆောင်သွားဖွယ် ရှိနေရပါတယ်။

Exit mobile version