ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်ယူအသင်း နဲ့ အဲဗာတန်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖယ်လာနီဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတာကြောင့် (၃) လကြာ ကုသမှု ခံယူပြီးတဲ့နောက် ပြန်လည် သက်သာလာပြီ ဖြစ်လို့ ယခုအပတ် အင်္ဂါနေ့ (ယနေ့) မှာ ဆေးရုံက ဆင်းခဲ့ပါတယ်။ ဘယ်ဂျီယံ ကွင်းလယ်လူ ဖယ်လာနီဟာ လက်ရှိမှာတော့ တရုတ်စူပါလိဂ် (CSL) ပြိုင်ပွဲက ရှန်ဒွန်အသင်းမှာ ကစားနေလျက် ရှိပြီး တရုတ်စူပါလိဂ် ပြိုင်ပွဲမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား နဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘယ်ဂျီယံ ကွင်းလယ်လူ ဖယ်လာနီဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပေမဲ့လည်း အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်သေးမှာ မဟုတ်ဘဲ နောက်ထပ် စစ်ဆေးမှုအနေနဲ့ (၁၄) ရက်ကြာ တစ်ဦးတည်း သီးသန့်ခွဲခြားနေရဦးမှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖယ်လာနီဟာ ပြီးခဲ့တဲ့ မတ်လ (၂၂) ရက်နေ့မှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံခဲ့ရတာကြောင့် တရုတ်နိုင်ငံက ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ကိုရိုနာ ဗိုင်းရပ်ရောဂါကနေ ပြန်လည် သက်သာလာပြီ ဖြစ်တယ်လို့ သူ့ရဲ့ အသင်းက တရားဝင် ထုတ်ပြန်သွားလိုက်ပါတယ်။

Photo Credit: Dailymail

ရှန်ဒွန်အသင်းက “ကိုရိုနာ ဗိုင်းရပ်ကြောင့် ဆေးရုံ တက်နေခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကစားသမား ဖယ်လာနီဟာ ရောဂါက လုံးဝ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး အကဲဖြတ် စစ်ဆေးပြီးသွားတဲ့ အချိန်မှာ ဆေးရုံက ဆင်းခဲ့ပါတယ်။ သူဟာ နောက်ထပ် စစ်ဆေးမှုကို ဆက်လက် ခံယူရဦးမှာပဲ ဖြစ်ပြီး သက်ဆိုင်ရာ လမ်းညွန်ချက်တွေအရ သတ်မှတ်ပေးထားတဲ့ နေရာမှာ (၁၄) ရက်ကြာအထိ သီးသန့်ခွဲနေရဦးမှာ ဖြစ်ပါတယ်”လို့ တရားဝင် အတည်ပြု ထုတ်ပြန်သွားလိုက်တာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ် ရောဂါဟာ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကနေ စတင် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် (၂၀၂၀) ခုနှစ်၊ ဧပြီလအထိ ဖြစ်နေဆဲ ဖြစ်တာကြောင့် (၄) လ ကြာပြီ ဖြစ်ပါတယ်။