စပါးအသင်းနဲ့ ဘောလုံးရာသီတစ်ခု မပြီးဆုံးခင်မှာပဲ လက်တွဲဖြုတ်ခဲ့ရပြီးနောက် ရိုးမားအသင်းရဲ့ နည်းပြသစ်တစ်ယောက် ဖြစ်လာခဲ့ရတဲ့ စပယ်ရှယ်ဝမ်းနည်းပြ ဂျိုဆေးမော်ရင်ဟိုဟာ သူနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ရဖူးတဲ့ သူရဲ့တပည့်ဟောင်းတွေဖြစ်တဲ့ ခရစ်စမောလင်း ဟင်းနရစ်မစ်ခီတာရန်တို့နဲ့ ရိုးမားအသင်းမှာ ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပေမယ့်လည်း မော်ရင်ဟိုက ရိုးမားအသင်းအတွက် တကယ့်ကို အသင့်တော်ဆုံးသော နည်းပြတစ်ဦးလို့ စမောလင်းက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်ခံကစားသမား စမောလင်းနဲ့ နာမည်ကျော် ဘောလုံးနည်းပြ ဂျိုဆေးမော်ရင်ဟိုတို့နှစ်ယောက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အသင်းဟောင်း ယူနိုက်တက်မှာ ယူရိုပါလိဂ်ဖလား လိဂ်ဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဆရာတပည့်နှစ်ယောက်ကြားမှာ ဆက်ဆံရေးပိုင်း နွေးနွေးထွေးထွေး ရှိမနေခဲ့ပဲ မော်ရင်ဟိုရဲ့ ထုံးစံအတိုင်း ဝေဖန်ပြစ်တင်မှုတွေကြောင့် စမောလင်းနဲ့မော်ရင်ဟိုတို့ကြားမှာ မပြေလည်မှုတွေ ရှိနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Sun

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ စမောလင်းနဲ့ မော်ရင်ဟိုတို့ဟာ ရိုးမားအသင်းမှာ ပြန်လည်လက်တွဲရတော့မှာဖြစ်ပြီး သူနဲ့ ပြန်ဆုံတွေ့ရတော့မယ့် မော်ရင်ဟိုက ရိုးမားအတွက် တကယ့်ကို အသင့်တော်ဆုံးသော နည်းပြတစ်ယောက်ပါလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ စမောလင်းက “ကျွန်တော် ရောမမြို့ကို ရောက်လာခဲ့ပေမယ့် ကျွန်တော်အသင်းက ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတာက နှစ်အတော်လေးကို ကြာမြင့်နေပါပြီ။ ဒါကြောင့် ဒီအသင်းအတွက် ဆုဖလားတစ်ခုလောက်ကို ရယူနိုင်ခဲ့မယ်ဆိုရင် အတော်လေးကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရှာဖွေနိုင်သလို ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် သိထားတယ်။ အခုတော့ ကလပ်အသင်းက အသင်းအတွက် ဆုဖလား အောင်မြင်မှုတွေကို ရယူပေးနိုင်မယ့် အသင်းအတွက် အလိုက်ဖက်ဆုံးသော နည်းပြတစ်ယောက်ကို ခန့်အပ်နိုင်လိုက်တယ်။ သူ ဒီမှာ အောင်မြင်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့နည်းပြသက်တမ်းတလျှောက်မှာ အောင်မြင်မှုတွေကို ရှာဖွေနိုင်ခဲ့လို့ပါပဲ။ မီဒီယာတွေမှာတော့ ကျွန်တော်တို့နှစ်ဦးကြား အတိတ်က ဆက်ဆံရေးအကြောင်းတွေကို ဖော်ပြနေကြမှာပါ။ ဒါပေမယ့် သူ ဒီကိုရောက်လာတာက တကယ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က သူ့လက်အောက်မှာ ကစားခဲ့ဖူးသလို ဆုဖလားတွေလည်း ရယူခဲ့ပြီး သူကလည်း ကျွန်တော့်ကို ပွဲတချို့မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်စေခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။