မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အေဂျက်စ်အသင်းသားတစ်ယောက်ဖြစ်လို့နေတဲ့ နယ်သာလန်နောက်ခံအစွန်လူ ဒါလေဘလင်းဟာ မနေ့ညက ကျင်းပခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအတွင်းမှာ အေဂျက်စ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်းနဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ဘယ်ကစားသမားနဲ့မှ ထိခိုက်မိခြင်းမရှိပဲ သူရဲ့နှလုံးရောဂါပြသာနာကြောင့် ကွင်းအတွင်းလဲကျသွားခဲ့ပြီး လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်း အေဂျက်စ်အသင်းဘက်ကနေ ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : BBC

အသက်(၃၀)အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် နောက်ခံကစားသမား ဒါလေဘလင်းဟာ ဟာသာဘာလင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အေဂျက်စ်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် (၇၈)မိနစ်လောက်မှာပဲ ကွင်းအတွင်း လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဘလင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာပဲ အခုလို ကွင်းအတွင်း လဲကျခဲ့လို့ စစ်ဆေးကြည့်ရမှာ နှလုံးကြွက်သားရောင်ရမ်းမှုဝေဒနာကို ခံစားနေခဲ့ရတယ်လို့ သိရှိခဲ့ရတာကြောင့် ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။

Photo Credit : Sports Rush

ဘလင်းဟာ နှလုံးရောဂါပြသနာကြောင့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှသာ ဘောလုံးပြန်ကစားနိုင်ခဲ့ရတာဖြစ်ပြီး အခုလည်း အလားတူဝေဒနာမျိုးကို ထပ်မံခံစားနေရသလို ဖြစ်လာခဲ့တဲ့ နောက်ထပ်တစ်ကြိမ် ဆေးဝါးကုသမှုတွေကို ဆက်လက်ခံယူရဖွယ် ရှိနေပါတယ်။ အေဂျက်စ်အသင်းနည်းပြဖြစ်သူ အဲရစ်တန်ဟတ်ရဲ့ပြောဆိုချက်အရ ဘလင်းရဲ့လက်ရှိအခြေအနေတွေအရ တည်ငြိမ်နေပြီး အဆင်ပြေနေတယ်ဆိုပေမယ့်လည်း စစ်ဆေးမှုတွေကိုတော့ ပြုလုပ်ရဦးမယ်လို့ သိရပါတယ်။ ဘလင်းဟာ လက်ရှိမှာ နှလုံးကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ်ပစ္စည်းကို ကိုယ်အတွင်း ထည့်သွင်းထားခဲ့ရတာဖြစ်ပြီး အဲ့ဒီပစ္စည်းလေးကနေ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို ပုံမှန်ပြန်ဖြစ်အောင် ထိန်းချုပ်ပေးသလို ရုတ်တရက် Heart Attack မျိုးမဖြစ်လာအောင် တားဆီးပေးနိုင်တာဖြစ်ပါတယ်။ ဒီလို အကူပစ္စည်းလေးနဲ့ ဘောလုံးအားကစားကို ဆက်လက်ကစားနေရတဲ့ ဘလင်းဟာ အေဂျက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး အေဂျက်စ်အသင်းနဲ့ ပြည်တွင်းဆုဖလားအားလုံးကို ပိုင်ဆိုင်ခဲ့တဲ့အပြင် သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။