မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းတစ်ယောက်ဖြစ်ပြီး အင်္ဂလန်နဲ့ စကော့တလန်ကလပ်အသင်းတွေမှာပါ ကျင်လည်ခဲ့ဖူးတဲ့ မြောက်အိုင်ယာလန် ဂိုးသမားကြီး ရွိုင်ကာရိုးလ်ကတော့ လက်ရှိအချိန်အထိ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သေးခြင်းမရှိပဲ အိုင်ယာလန်ဘောလုံးကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဒန်ကန်နန်ဆွစ်အသင်းဆီကို အခုဇန်နဝါရီလ စျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့သွားခဲ့ပြန်ပြီလို့ သိရှိရပါတယ်။

Photo Credit : The Mirror

အသက်(၄၃)နှစ်အရွှယ်ရှိ မြောက်အိုင်ယာလန်လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ရွိုင်ကာရိုးလ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဟားလ်စီးတီးအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဝီဂန်ကို ရောက်ရှိခဲ့ကာ ဝီဂန်မှာ လက်စွမ်းကောင်းတွေ ပြသလာရင်းနဲ့ ၂၀၀၁ခုနှစ်မှာပဲ ယူနိုက်တက်အသင်းဆီ ရောက်ရှိသွားခဲ့ရပါတယ်။ ယူနိုက်တက်မှာ ဘားသက်ဇ်နဲ့ တင်ဟောင်းဝပ်တို့ရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ရတဲ့ ကာရိုးလ်ဟာ အသင်းနဲ့ (၄)နှစ်တာအထိ ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနဲ့ အက်အေဖလားတို့ကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Newstalk

ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက်မှာ ဝက်စ်ဟမ်း ဒါဘီကောင်တီတို့နဲ့ ဆက်လက်ပူးပေါင်းဖြစ်ခဲ့တဲ့ ကာရိုးလ်ဟာ ၂၀၁၂ခုနှစ်မှာတော့ ဂရိနာမည်ကျော်ကလပ် အိုလံပီယာကော့စ်အသင်းကို ရောက်ရှိခဲ့ပြီး အဲ့ဒီအသင်းမှာ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါသေးတယ်။ ကာရိုးလ်ဟာ အိုလံပီယာကော့စ်အသင်းနဲ့အတူ ဂရိအမှတ်ပေးဖလား(၃)ကြိမ်နဲ့ ဂရိရှုံးထွက်ဖလား(၂)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ သူရဲ့ကစားသမားဘဝက တဖြည်းဖြည်းနဲ့ မှေးမှိန်သွားခဲ့ရကာ ပရိသတ်များစွာကလည်း သူဘောလုံးကစားနေသေးလား အနားယူသွားပြီလားဆိုတာကိုတောင် သေချာမသိနိုင်တော့တဲ့အထိ ကာရိုးလ်ရဲ့ကစားသမားဘဝက အရောင်မှိန်သွားခဲ့ရပါတယ်။ ကာရိုးလ်ဟာ ၂၀၁၆ခုနှစ်က မြောက်အိုင်ယာလန်ကလက် လင်းဖီးလ်ကို ပြောင်းရွှေ့ခဲ့ပြီး ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကြောင့် ၂၀၁၉ခုနှစ်မှာပဲ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘောလုံးသမားဘဝကိုပါ အနားယူရမလိုပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ကာရိုးလ်ကတော့ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သွားဖို့ အစီအစဉ်မရှိခဲ့ပဲ အခု ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ အိုင်ယာလန်ကလပ် ဒန်ကန်နန်ဆွစ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး ဒီအသင်းကတော့ သူရဲ့(၁၃)သင်းမြောက်အသင်းဖြစ်ပြီး ဒီအသင်းမှာ သူရဲ့လက်စွမ်းကောင်းတွေကို ပြန်မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။