မန်ချက်စတာမြို့ခံ အသင်း(၂)သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ကားလို့စ်တဲဗက်ဇ်ကတော့ အခုအချိန်ထိကို ဘောလုံးသမားဘဝကနေ အနားယူခြင်း မရှိသေးပဲ သူ အခုလက်ရှိ ပါဝင်ကစားလို့နေတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းကနေပဲ ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၇)နှစ်အရွှယ်ရှိ ဝါရင့်အာဂျင်တီးနား တိုက်စစ်ကစားသမားကြီး တဲဗက်ဇ်ဟာ သူငယ်စဉ်ကတည်းက ပါဝင်ကစားခဲ့ဖူးတဲ့ ဘိုကာဂျူနီယာအသင်းမှာ ၂၀၁၈ခုနှစ်ကနေ ပါဝင်ကစားနေရင်းနဲ့ ပြီးခဲ့တဲ့ (၄)ရက်ကနေ့ကပဲ အသင်းကနေ ထွက်ခွာလိုက်ပြီဖြစ်ကြောင်းကို ရုတ်တရက်ကြီး ထုတ်ပြန်လာခဲ့ပါတယ်။ တဲဗက်ဇ်က သူအနေနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘာအားနည်းချက်မှ ရှိမနေပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအရ ခဏတာလောက် အနားယူဖို့ လိုအပ်နေတာကြောင့် ဘိုကာဂျူနီယာအသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပေမယ့် ဘောလုံးသမားဘဝကိုတော့ လုံးဝအဆုံးသတ်သွားဦးမှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun Daily

ဘိုကာဂျူနီယာအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရခြင်းအပေါ် တဲဗက်ဇ်က “ဒါဟာ ကစားသမားဘဝရဲ့ နှုတ်ဆက်ခြင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကိုလည်း ခင်ဗျားတို့တွေ မကြာခင်မှာ တွေ့မြင်ရမှာပါ။ ကျွန်တော် ဘိုကာဂျူနီယာအသင်းကို ဘာမှမလုပ်ပေးနိုင်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရဆိုရင်လည်း ကျွန်တော် အဆင့်သင့်မဖြစ်နေပါဘူး။ ဒီအချိန်မှာ ကျွန်တော်အနေနဲ့ ကျွန်တော်ရဲ့မိသားစုနဲ့ အတူရှိနေဖို့လည်း လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ အနားယူမှုတစ်ခုလို့ ပြောနိုင်ပေမယ့် နောက်(၃)လလောက်အကြာမှာပဲ ဘောလုံးလောကထဲကို ကျွန်တော်ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် ဘိုကာဂျူနီယာအသင်းမှာတော့ ကစားတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ ဘိုကာဂျူနီယာအသင်းရဲ့ တာဝန်ရှိသူတွေ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ တဲဗက်ဇ်ဟာ သူရဲ့အသက်(၁၆)နှစ်အရွှယ်ခန့်မှာပဲ ဘိုကာဂျူနီယာအသင်းအတွက် ပါဝင်ကစားပေးခဲ့ရတာဖြစ်သလို ဥရောပဘောလုံးနယ်ပယ်မှာ ကျင်လည်လို့အပြီးမှာလည်း ဘိုကာဂျူနီယာအသင်းဆီကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ လတ်တလောမှာတော့ တဲဗက်ဇ်ဟာ ဘောလုံးကစားခြင်းကနေ အချိန်တစ်ခုလောက်သာ အနားယူမှာဖြစ်ပေမယ့် အခြေအနေ မဟန်တော့ရင်တော့ ဘောလုံးသမားဘဝကို ဇာတ်သိမ်းသွားမှာဖြစ်ပါတယ်။