မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်အသင်းကြီးတွေမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီးနောက် အီတလီစီးရီးအေ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရိုးမားအသင်းဆီကို ရောက်ရှိသွားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသလျက်ရှိနေပြီး ဥရောပထိပ်တန်းအမှတ်ပေးလိဂ်(၅)ခုမှာ ပါဝင်ကစားနေကြတဲ့ ကွင်းလယ်ကစားသမားတွေအားလုံးထဲကမှ ဂိုးပါဝင်ပတ်သက်မှု အမြင့်မားဆုံးရှိနေတဲ့ ကွင်းလယ်ကစားသမားစာရင်းထဲမှာပါ ပါဝင်နေခဲ့ရပါတယ်။

Photo Credit : Sky Sports

အသက်(၃၁)နှစ်အရွှယ်ရှိ အာမေးနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား မစ်ခီတာရန်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရိုးမားအသင်းအတွက် စီးရီးအေပွဲစဉ်တိုင်းကို ပါဝင်ကစားပေးထားခဲ့ပြီး အသင်းအတွက် (၇)ဂိုးသွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၆)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ထားနိုင်ခဲ့တဲ့ မစ်ခီတာရန်ဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ ဂိုးပါဝင်ပတ်သက်မှုနှုန်း အမြင့်မားဆုံး ကစားသမားတစ်ယောက် ဖြစ်နေတဲ့အပြင် ဥရောပထိပ်သီး အမှတ်ပေးလိဂ်(၅)ခုမှာလည်း မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ရဲ့နောက် ဒုတိယမြောက် ဂိုးပါဝင်ပတ်သက်မှု အမြင့်ဆုံး ကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ခံနေရပါတယ်။

Photo Credit : Youtube

မစ်ခီတာရန်ဟာ ရိုးမားနဲ့ ဂျီနိုအာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း အသင်းအတွက် ဟက်ထရစ်သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာဆိုရင်လည်း သူရဲ့ဂိုးပါဝင်ပတ်သက်မှုက (၁၆)ဂိုး(သွင်းဂိုး၈ဂိုးနဲ့ ဂိုးဖန်တီးမှု၈ကြိမ်)အထိတောင် ရှိလို့နေပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေ ပြသလို့နေတဲ့ မစ်ခီတာရန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အာဆင်နယ်အသင်းကနေ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာတော့ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းကာ ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဘက်က မစ်ခီတာရန်လို ကစားသမားကောင်းတစ်ယောက်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရတာဟာ အတော်လေးကို နစ်နာစရာ ဖြစ်နေခဲ့ရလို့ အသင်းမှာ ရှိလို့နေတဲ့ ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးလို ကစားသမားမျိုးကို နေရာပေးခြင်း မရှိသေးတာကလည်း အသင်းအတွက် ထိခိုက်စေရပါတယ်။ လက်ရှိမှာ မစ်ခီတာရန်ရဲ့ရိုးမားအသင်းက စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရောက်ရှိလို့နေပြီး ယူရိုပါလိဂ်မှာလည်း (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ်စီကို တတ်လှမ်းထားခဲ့ကာ ပေါ်တူဂီကလပ် စပို့တင်းဘရာဂါနဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။