တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းSIPG အသင်းမှာ ပါဝင်ကစားနေတဲ့ ဘရာဇီးကွင်းလယ်ကစားသမား အော်စကာဟာ ဥရောပဘောလုံးနယ်ပယ်ထဲကို ပြန်လည်လာရောက်ကစားသွားဖို့ စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် သူ့ကို သူရဲ့ဘရာဇီးအသင်းဖော်နဲ့ ချယ်လ်ဆီးအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝီလီယံနဲ့ ဒေးဗစ်လုဇ်တို့နှစ်ယောက်လုံးက အာဆင်နယ်အသင်းရဲ့နည်းပြအာတီတာရဲ့လက်အောက်မှာ လာရောက်ကစားဖို့ တိုက်တွန်းပြောဆိုခဲ့ကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ချယ်လ်ဆီးကွင်းလယ်ကစားသမား အော်စကာဟာ သူရဲ့ဘရာဇီးအသင်းဖော်တွေဖြစ်တဲ့ ဝီလီယံ ဒေးဗစ်လုဇ်တို့နဲ့အတူ ချယ်လ်ဆီးအသင်းမှာ တွဲဖက်ကစားခဲ့ဖူးပြီး အသင်းနဲ့(၅)နှစ်လက်တွဲခဲ့ပြီးနောက် ၂၀၁၇ခုနှစ်မှာ တရုတ်ထိပ်သီးကလပ် ရှန်ဟိုင်းSIPGအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ဆုဖလား (၂)ကြိမ်အထိ ရယူခဲ့ဖူးတဲ့ အော်စကာဟာ ရှန်ဟိုင်းSIPGအသင်းမှာ သူရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Yahoo Style UK

ဥရောပဘက်ကို ပြန်သွားဖို့ စိတ်ဝင်စားနေတဲ့ အော်စကာက သူ့ကို ဝီလီယံနဲ့ဒေးဗစ်လုဇ်တို့ အာဆင်နယ်မှာ လာရောက်ကစားချင်နေတာနဲ့ပတ်သက်ပြီး “သူတို့ကျွန်တော်ကို ခေါ်နေကြတယ်။ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေက ရှိနေပါသေးတယ်။ တစ်ခါတစ်ရံဆို ကျွန်တော်တို့တွေ စကားပြောဆိုဖြစ်ကြတယ်။ သူတို့ကတော့ ကျွန်တော်ကို အာဆင်နယ်မှာ လာရောက်ကစားဖို့ပဲ တိုက်တွန်းနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်အတွက်တော့ ဒါက ခက်ခဲနိုင်ပါတယ်။ ကျွန်တော်က ရှန်ဟိုင်းမှာလည်း စာချုပ်သက်တမ်းက ကျန်ရှိနေသေးတာဖြစ်လို့ အသင်းပြောင်းဖို့့က ခက်ခဲနိုင်တယ်။ ဝီလီယံကတော့ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားပြီဖြစ်လို့ အာဆင်နယ်ကို ပြောင်းရွှေ့ပြီး ဒေးဗစ်လုဇ်နဲ့ပါ ပြန်လည်ဆုံတွေ့နေကြလို့ ကျွန်တော်လည်း သူတို့အစား ပျော်ရွှင်နေပါတယ်။ အရေးအကြီးဆုံးအရာက ဘယ်နေရာမှာပဲရှိနေရှိနေ ပျော်ရွှင်နေဖို့ပါပဲ။ အခု ကျွန်တော် တရုတ်မှာလည်း ပျော်ရွှင်နေပါတယ်။ တချိန်ကျရင်တော့ ဥရောပကို ပြန်သွားမှာပါ။ အခုတော့မဟုတ်သေးပါဘူး။ အခုက တရုတ်မှာ ကျွန်တော်အဆင်ပြေနေပါတယ်။ အသင်းနဲ့လည်း အောင်မြင်မှုတွေကို ထပ်မံရယူချင်ပါသေးတယ်။ အခုအခြေအနေမှာ ကျွန်တော်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေရှိပေမယ့် အသင်းပြောင်းဖို့က မဖြစ်နိုင်သေးပါဘူး။ အသင်းပြောင်းဖြစ်ရင်တော့ ချယ်လ်ဆီးကိုပဲ ဦးစားပေးစဉ်းစားမှာပါ။ ပြီးရင် ကျွန်တော်ငယ်ငယ်လေးကတည်းက ရင်းနှီးနေခဲ့ရတဲ့ အီတလီစီးရီးအေ ကလပ်အသင်းတွေဆီကိုလည်း ပြောင်းရွှေ့ကစားဖို့ စဉ်းစားမိမှာပါ” လို့ ပြောဆိုလာခဲ့ပါတယ်။