အန်ဒရေရှာရယ်ဆိုတဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမားကို ဘောလုံးပွဲတွေ ကြည့်ရှအားပေးကြသူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ ဂျာမန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ချယ်လ်ဆီးကစားသမားဟောင်း ရှာရယ်ဟာ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေပြီး သူ့ကို မိခင်ကလပ် ဒေါ့မွန်ကလည်း အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒမရှိတာကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး သူရဲ့ကစားသမားဘဝကိုပါ တစ်ခါတည်း နိဂုံးချုပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Photo Credit : BBC

အက်(၂၉)နှစ်သာရှိသေးတဲ့ ဂျာမန်လက်ရွေးစင်ဟောင်း ရှာရယ်ဟာ လေဗာကူဆင် ချယ်လ်ဆီး ဝုလ်စ်ဘတ်နဲ့ ဒေါ့မွန်အသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်သလို ဂျာမန်လက်ရွေးစင်အသင်းကိုလည်း (၅၇)ပွဲလောက်အထိ ကစားပေးခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ရှာရယ်ရဲ့ကစားသမားဘဝ ထိုးကျလာခဲ့ပြီး ဖူလ်ဟမ်နဲ့ စပါးတပ်မော်စကိုအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး သူ့ကိုပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်အသင်းကလည်း သူနဲ့ပြန်လည်မပေါင်းပူးလိုတော့တာကြောင့် နောက်ဆုံးမှာတော့ သူရဲ့စာချုပ်ကို ဖျက်သိမ်းရင်း အထီးကျန်ဆန်လာခဲ့တဲ့ သူရဲ့ဘောလုံးသမားဘဝကိုပါ ဇာတ်သိမ်းလိုက်ပါတယ်။

Photo Credit : Mirrro

တောင်ပံကစားသမားဖြစ်တဲ့ ရှာရယ်ဟာ လိုအပ်ရင် တိုက်စစ်နေရာစုံမှာလည်း ကစားတတ်သူဖြစ်ပြီးတော့ ချယ်လ်ဆီးကို ဂျိုးဆေးမော်ရင်ဟို ဒုတိယတခေါက် ပြန်လည်ကိုင်တွယ်စဉ်တုန်းကပဲ အသင်းကို ရောက်ရှိလာခဲ့ကာ အသင်းနဲ့အတူ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရှာရယ်ဟာ ချယ်လ်ဆီးမှာတော့ တစ်ရာသီခွဲလောက်ပဲ ပါဝင်ကစားခဲ့ရပြီး ဂျာမန်ဘွန်ဒစ်လီဂါဆီကို ပြန်လည်ပြောင်းရွှေ့ခဲ့ရပေမယ့် ဝုလ်စ်ဘတ်နဲ့ရော ဒေါ့မွန်နဲ့ပါ ပိုကယ်ဖလားတွေကို ပိုင်ဆိုင်ခဲ့ရသလို သူရဲ့ဂျာမန်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ချန်ပီယံဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းနဲ့ လက်တွဲခဲ့ပြီးနောက်ပိုင်း သူရဲ့ခြေစွမ်းတွေက အကျဘက်ကို တဖြည်းဖြည်း ရောက်ရှိလာခဲ့သလို အသင်းကနေလည်း ဖူလ်ဟမ်လို အသင်းမျိုးအထိ အငှားထွက်ကစားခဲ့ရလောက်အောင် အခြေအနေဆိုးရွှားလာခဲ့ကာ နောက်ဆုံးမှာတော့ သူ့အတွက် အဆင်ပြေဖွယ် မရှိနိုင်တော့တဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ကိုပဲ ရွေးချယ်လိုက်ပါတယ်။