ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖရန့်ဆင်ကလဲယားက သူတို့အသင်းရဲ့ မျိုးဆက်သစ် ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ရီးစ်ဂျိမ်းစ်ရဲ့ ခြေစွမ်းပိုင်း တိုးတတ်လာမှုအပေါ် ချီးမွမ်းပြောဆိုခဲ့ပြီး ညာနောက်ခံလူတစ်ယောက်ဖြစ်တဲ့ ရီးစ်ဂျိမ်းစ်အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ခံစစ်ပိုင်းအတွင်းမှာ ဝင်ရောက်ကစားခွင့်တွေ ပိုင်ဆိုင်လာနိုင်တော့မှာဖြစ်သလို သူရဲ့ခံစစ်ကစားပုံကို သေချာကြည့်မယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးထက်တောင် သာလွန်နေကြောင်း သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : All Football

မနှစ်ကဘောလုံးရာသီမှာ ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝီဂန်အသင်းဆီကို အငှားနဲ့သွားရောက်ကစားခဲ့ရတဲ့ ရီးစ်ဂျိမ်းစ်ဟာ ဒီရာသီမှာတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ခွင့်ရခဲ့ကာ အသင်းအတွက် ပြည်တွင်းပွဲတွေမှာ (၂၁)ပွဲအထိ ကစားထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း (၅)ပွဲအထိ ပါဝင်ပေးထားခဲ့ပါတယ်။ အချိန်တိုလေးအတွင်းမှာပဲ အသင်းရဲ့ခံစစ်ညာခြမ်းနေရာအတွက် သိမ်းပိုက်ရယူထားနိုင်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်ဟာ မကြာခင်မှာ အာနိုး ဝမ်ဘစ်ဆာခါ ထရစ်ပီယာတို့ရဲ့ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူနေရာကိုပါ ခြိမ်းခြောက်လာဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ရီးစ်ဂျိမ်းစ်နဲ့ပတ်သက်ပြီး “ရီးစ်ဂျိမ်းစ်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းကနေ ကျွန်တော်သတိထားမိနေတာပါ။ သူက နောက်တန်းမှာဆိုရင် နေရာစုံကို ပြောင်းရွှေ့ကစားတတ်ပြီးတော့ ကွင်းလယ်ပိုင်းမှာလည်း ကစားတတ်ပါသေးတယ်။ သူ့ကို အာနိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ခက်ခဲမယ်။ အာနိုးက လီဗာပူးလ်အသင်းမှာ အကောင်းဆုံးတွေ စွမ်းဆောင်ထားနိုင်တာကို။ ဒါပေမယ့် အာနိုးက ပွဲတချို့မှာဆိုရင် အမှားတွေ ကျူးလွန်တတ်တယ်။ ဆိုတော့ အခုအချိန်မှာ ခံစစ်ပိုင်းဆိုရင်တော့ ရီးစ်ဂျိမ်းစ်က အာနိုးထက် ပိုမိုသာလွန်နေမယ်လို့ပဲ ကျွန်တော်မြင်မိတယ်။ ဒါပေမယ့် ရီးစ်ဂျိမ်းစ်က Full-Back တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးတွေအားလုံးကိုတော့ သူမပြထားနိုင်သေးပါဘူး။ ဥပမာဆိုရရင်တော့ အာနိုးက လီဗာပူးလ်အတွက် ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ထားသနိုင် ရီးစ်ဂျိမ်းမလုပ်ဆောင်နိုင်သေးဘူး။ ဒါပေမယ့် အင်္ဂလန်အသင်းအတွက် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရီးစ်ဂျိမ်းစ်က အာနိုးနေရာကို လုလာနိုင်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။