ဒီနှစ်ဘောလုံးရာသီအတွင်း ရိုးမားအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အင်္ဂလန် တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို အခြားသော ကလပ်အသင်းတွေဘက်က ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တဲ့အတွက် အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားချင်နိုင်ဖို့ ကြိုးပမ်းနေတဲ့အတွက် ကစားသမားရဲ့တန်ကြေးကိုလည်း ပေါင်သန်း(၁၀၀)ထိပါ သတ်မှတ်ထားတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ချယ်လ်ဆီးအသင်းကနေ ဂျိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့စီးရီးအေ ပထမဆုံးရာသီမှာပဲ အသင်းအတွက် သွင်းဂိုး(၁၅)ဂိုးထိ သွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာလည်း သွင်းဂိုး(၂၃)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အီတလီမြေမှာ ခြေစွာနေတဲ့ အေဘရာဟမ်ကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်တွေဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ Daily Mail သတင်းမီဒီယာက ဖော်ပြလာခဲ့ပါတယ်။

ဒီလို ကလပ်အသင်းတွေ စိတ်ဝင်စားနေတဲ့ အေဘရာဟမ်ကို ရိုးမားအသင်းဘက်ကနေ လုံးဝကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ ခေါ်ယူချင်တယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းမှသာ လက်ခံစဉ်းစားသွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ အေဘရာဟမ်ရဲ့ ကလပ်အသင်းဟောင်း ချယ်လ်ဆီးက အေဘရာဟမ်ကို ရိုးမားအသင်းဆီ ရောင်းချခဲ့စဉ် ပေါင်(၃၄)သန်းနဲ့ ရောင်းချခဲ့ပြီး ပေါင်(၆၃)သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ရှိတဲ့ buyback clause ကို စာချုပ်ထဲ ထည့်သွင်းထားခဲ့ရာ အဲ့ဒီ ပြန်လည်ခေါ်ယူခွင့်ကလည်း ၂၀၂၃ခုနှစ် နွေစျေးကွက်ကမှသာ စတင်သက်ရောက်မှာဖြစ်လို့ လာမယ့် နွေမှာ အေဘရာဟမ်ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ ပေါင်သန်း(၁၀၀)နဲ့ ကမ်းလှမ်းဖို့ လိုအပ်တယ်လို့ ရိုးမားအသင်းက သတိပေးလိုက်တာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အေဘရာဟမ်ကို ၂၀၂၆ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက အသင်းမှာ ဘဏ္ဍာရေး အရှုံးပေါ်ထားခဲ့ရလို့ အေဘရာဟမ်ကိုသာ ပေါင်သန်း(၁၀၀)မဟုတ်ပဲ မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ ကမ်းလှမ်းလာမယ်ဆိုရင်တောင် ပယ်ချသွားဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။