စပိန် ဝါရင့် တိုက်စစ်ကစားသမားကြီး ဖာနန်ဒိုလော်ရန်တေးက လက်ရှိမာှ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်နေရပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကနေသာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် သူ့အနေနဲ့ လာရောက် ကစားပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : TEAMtalk

အသက်(၃၇)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး လော်ရန်တေးဟာ အီဘာအသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်နေရပေမယ့်လည်း ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့ စိတ်ကူးမရှိသေးပဲ အသင်းသစ် တစ်သင်းသင်းကို ထပ်မံ ပြောင်းရွှေ့ချင်နေတဲ့အပြင် ရီးယဲလ်အသင်းကသာ သူ့ကို ကာလတိုစာချုပ်မျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်လည်း ကမ်းလှမ်းမှုကို လက်ခံသွားမှာဖြစ်ကြောင်း လော်ရန်တေးကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Goal

လော်ရန်တေးက “တကယ်လို့ အန်စလော့တီက ကျွန်တော့်ကို ဘန်ဇီမာရဲ့ အရန်ကစားသမားအဖြစ် ပါဝင်ကစားဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ကျွန်တော့်ဘက်က ဒီကမ်းလှမ်းချက်ကို သံသယမရှိပဲ လက်ခံသွားမှာပါ။ အလကား ကစားပေးရမယ်ဆိုရင်တောင် လက်ခံမိမှာပါ။ ကျွန်တော့်ကို ရီးယဲလ်အသင်း အလိုရှိနေတုန်းက ကျွန်တော်က ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်ကျန်ရှိနေသေးလို့ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းက စာချုပ်လျော်ကြေးအတိုင်း ကမ်းလှမ်းဖို့ပါပဲ။ ကျွန်တော့်ကို ခေါ်ယူဖို့ အခွင့်အရေးရလာတဲ့အခါမှာတော့ ဂျုဗင်တပ်စ်အသင်းက လျင်လျင်မြန်မြန်နဲ့ကို လှုပ်ရှားသွားခဲ့ပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဘီလ်ဘာအိုအသင်းအတွက် အချိန်ကြာမြင့်စွာ ပါဝင်ကစားခဲ့ဖူးသူ လော်ရန်တေးဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ ဂျုဗင်တပ်စ် ဆီဗီလာ တော့တင်ဟမ်ဟော့စပါး ဆွမ်ဆီး နာပိုလီ အူဒီးနီးစ်တို့မှာ ကစားခဲ့ဖူးပြီး အီဘာမှာတော့ နောက်ဆုံးအကြိမ်အဖြစ် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းအတွက်ကိုပါ (၂၄)ပွဲ ပါဝင်ထားနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာပါ ချန်ပီယံဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။