MySport Myanmar

မိသားစုလိုက် ဗုံးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတဲ့ မက်ဂွိုင်းရားကို အိုဇေး အားပေးစကားဆို

ဒီနှစ်ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ နေနေသာ ပုုံမှန်ခြေစွမ်းပါ ပြသနိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရတဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရားဟာ သူရဲ့လက်ရှိ ပုံစံတွေကြောင့် ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရသလို သူ့မိသားစု တစ်ခုလုံးရဲ့ အသက်အန္တရာယ်အတွက်ကိုပါ စိုးရိမ်ရစေနိုင်တဲ့ ဗုံးခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းရားဟာ ဒီနှစ်ဘောလုံးရာသီ တစ်ခုလုံးလိုလိုမှာ ယူနိုက်တက်ပရိသတ်တွေရော အခြားအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်ကဲ့ရဲ့မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရသလို ပေါင်(၄)သန်းလောက် တန်ဖိုးရှိတဲ့ သူရဲ့နေအိမ်မှာပါ ဖောက်ခွဲရေးပစ္စည်းတစ်ခု တပ်ဆင်ထားတယ်ဆိုတဲ့ ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှု email တစ်စောင်ကိုပါ ရရှိခဲ့ပါသေးတယ်။ ဒီအခြေအနေကြောင့် အထူးရဲ အရာရှိများက မက်ဂွိုင်းရားရဲ့ နေအိမ်ကို အလျင်အမြန် ရောက်ရှိလာခဲ့ပြီး စေ့စေ့စပ်စပ် ရှာဖွေခဲ့ပေမယ့် ဖောက်ခွဲရေးပစ္စည်း တစ်ခုမှ ရှာဖွေနိုင်ခဲ့ခြင်း မရှိလို့ မက်ဂွိုင်းရားတို့ မိသားစုအတွက် စိတ်အေးသွားခဲ့ရပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဘက်က အခုလို ခြိမ်းခြောက်မှုဟာ ပြင်းထန်လွန်းတာကြောင့် နောက်တစ်နေ့မှာပဲ အနံ့ခံခွေးတွေနဲ့အတူ မက်ဂွိုင်းရားရဲ့ နေအိမ်တဝိုက် ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒုတိယအကြိမ် စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ဒုတိယတစ်ကြိမ် စစ်ဆေးမှုမှာလည်း ဘာမှကို မတွေ့ရှိခဲ့ရပေမယ့် အခုလို ပြင်းထန်လွန်းတဲ့ ဗုံးခြိမ်းခြောက်မှုကို ယူနိုက်တက် ပရိသတ်တစ်ဦးဦးကသာ လုပ်ဆောင်တာ ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဖတ်ရှုမိခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း အိုဇေးက “ဟာယ်ရီမက်ဂွိုင်းရားရဲ့ သတင်းကို ဖတ်မိလိုက်ရုံနဲ့ ဒါက ရူးချင်လောက်စရာကြီးပါပဲ။ ဘောလုံးအားကစားဆိုတာ ဘောလုံးသမားတစ်ယောက်နဲ့ သူရဲ့မိသားစုကို ခြိမ်းခြောက်ဖို့အတွက် အခုလို အပြင်းအထန်ကြီးတွေ လုံးဝကို မဖြစ်သင့်တဲ့ အရာပါ။ ကျွန်တော် တော်တော်လေး တုန်လှုပ်သွားရတယ်။ တစ်ခါတစ်လေမှာ ဘောလုံးအားကစားက လူတွေရဲ့ အဆိုးဆုံးအရာတွေကို ဖြစ်ပေါ်စေတတ်တယ်။ အခုကိစ္စမှာ ပါဝင်ပတ်သက်သူတွေအားလုံးကို အပြစ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version