နာမည်ကျော်ဘောလုံးသမားဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အမေရိကန် မေဂျာလိဂ်ဘောလုံးကလပ် အင်တာမိုင်ယာမီအသင်းကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်သလို လက်ရှိဝက်စ်ဘရွန်းအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ဘယ်နောက်ခံကစားသမား ကီရန်ဂစ်ကို ခေါ်ယူသွားဖို့ နီးစပ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း ကီရန်ဂစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းကလည်း အသင်းကို တည်ဆောက်ထားတာ သိပ်မကြာသေးတာဖြစ်လို့ အသင်းကို မေဂျာလိဂ်မှာ အသင်းကောင်းတစ်သင်း ဖြစ်လာစေဖို့အတွက် အတွေ့အကြုံရှိ ကစားသမားတွေနဲ့ တည်ဆောက်ချင်နေတာဖြစ်ပါတယ်။

Photo Credit : Daily Express

လက်ရှိ အင်တာမိုင်ယာမီအသင်းမှာ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ အာဂျင်တီးနား ဝါရင့်တိုက်စစ်မှူးကြီး ဂွန်ဇာလိုဟီဂွာအင် စတုတ်စီးတီးအသင်းနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ နောက်ခံကစားသမားကြီး ရိုင်ယန်ရှော့ခရော့စ်နဲ့ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်လူ မာတွီဒီတို့လည်း ရှိနေတာဖြစ်သလို အသင်းကိုလည်း ဘက်ခမ်းနဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းမှာ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဖီးလ်နဖီးကနေ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ အခုလို အင်တာမိုင်ယာမီနဲ့ သတင်းထွက်လာခဲ့တဲ့ ကီရန်ဂစ်ကတော့ ၂၀၀၄ခုနှစ်ကတည်းက အာဆင်နယ် လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂ဝဝရခုနှစ်မှာပဲ သူရဲ့အာဆင်နယ်စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ ဆယ်စုနှစ်တစ်ခုနီးပါး ပါဝင်ကစားခဲ့တဲ့ ကီရန်ဂစ်ဟာ ၂၀၁ရခုနှစ်မှာတော့ ဝက်ဘရွန်းစ်အသင်းကို (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီအကုန်မှာပဲ သူရဲ့စာချုပ်သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ကာ အမေရိကမှာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းသွားရဖွယ် ရှိနေပါတယ်။