အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးဟာ လက်ရှိမှာ ဘောလုံးကလပ်အသင်းတစ်သင်းရဲ့ နည်းပြရာထူးကို တာဝန်ယူထားခြင်းမရှိပေမယ်လို့ ယခင်တုန်းက အာဆင်နယ်အသင်းမှာ နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်းကိုလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်ဝင်းဂါးဟာ ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ရမှာ အရမ်းကို ထူးချွန်လွန်းသူဖြစ်ပြီး စီးပွားရေးမျက်စိရှိလွန်းသူလို့တောင် တင်စားခေါ်ဆိုခံရတဲ့အထိ သူရဲ့ လူခေါ်ယူမှုတွေက အသင်းအတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။

Photo Credit : Tribuna

ဝင်းဂါးဟာ အသင်းကို အွန်နရီ ဗီအဲရာ ဘားကင့် ဗန်ပါစီ ဖာဘရီဂတ်စ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တဲ့အပြင် ဘောလုံးရာသီတစ်ခုရဲ့ တဝက်ချိုးဖြစ်တဲ့ ရာသီဝက်မှာလည်း အူဘာမီယန်း ကနူး အနယ်ကာ ကိုလိုတိုရေး အီဒူးတို့လို ထိပ်တန်းကစားသမားတွေကို အသင်းဆီ အရောက်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ဇန်နဝါရီလ စျေးကွက်အတွင်း အာဆင်နယ်ကို ရောက်ရှိလာတဲ့ ကစားသမားတွေအားလုံးထဲကမှ အသင်းကို အကျိုးအပြုဆုံး ကစားသမားအဖြစ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမားဟောင်းကြီးကနူးကို အာဆင်ဝင်းဂါးက ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : The Loppy

ကနူးဟာ လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်တုန်းကမှ အင်တာမီလန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄.၁၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းနဲ့ လက်ကျန်ရာသီဝက်မှာ သွင်းဂိုး(၆)ဂိုး ရယူပေးနိုင်ခဲ့သလို နောက်နှစ်ဘောလုံးရာသီမှာတော့ အသင်းအတွက် သွင်းဂိုး(၁၇)ဂိုးတောင် ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ အာဆင်နယ်အသင်းမှာ (၅)နှစ်ကြာ ပါဝင်ကစားသွားခဲ့တဲ့ ကနူးဟာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားကို (၂)ကြိမ်တိုင် ဆွတ်ခူးခဲ့ပြီး ရှံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်မှာလည်း အာဆင်နယ်အတွက် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အာဆင်နယ်အတွက် ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရာကနေ ဝက်ဘရွန်းအသင်းဆီ ရောင်းချခံခဲ့ရပြီး အဲ့ဒီကနေတစ်ဆင့် ပို့စ်မောက်အသင်းကို ရောက်ရှိခဲ့ကာ ၂၀၁၂ခုနှစ်မှာတော့ ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။ နည်းပြကြီး ဝင်းဂါးကတော့ ဇန်နဝါရီစျေးကွက်အတွင်း သူခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာတော့ ကနူးကသာ အသင်းအတွက် အဓိကအကျိုးပြုနိုင်ခဲ့တယ်လူလို့ အတိအကျ မှတ်ချက်ပြုပေးသွားခဲ့ပါတယ်။