ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးမှာ လက်ရှိအသင်းရဲ့နည်းပြဆက်တီယန်နဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့အတွက် သူ့နေရာမှာ အစားထိုးနိုင်ဖို့ ကမ္ဘာကျော် ဘောလုံးနည်းပြကြီးတစ်ယောက်ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာဆင်ဝင်ဂါးကို ချိတ်ဆက်ကမ်းလှမ်းခဲ့ပေမယ့်လည်း လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အာဆင်ဝင်းဂါးက ဘာစီလိုနာရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Le10 Sports သတင်းမီဒီယာရဲ့ဖော်ပြချက်အရ နည်းပြလောကနဲ့ အဆက်အသွယ်ပြတ်နေတာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်တဲ့ အသက်(၇၀)အရွှယ်ရှိ ဝါရင့်နည်းပြကြီးအာဆင်ဝင်းဂါးကို ဘာစီလိုနာအသင်းဘက်ကနေ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဝင်းဂါးကိုယ်တိုင်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းမှာ (၂၂)နှစ်ကျော်ကြာအထိ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေကိုလည်း ရယူပေးခဲ့တဲ့ အာဆင်ဝင်းဂါးဟာ ၂၀၁၈ခုနှစ်ကတည်းက အာဆင်နယ်နဲ့ လက်တွဲဖြုတ်ပြီး အခုချန်ထိ အသင်းလက်မဲ့ဖြစ်နေပြီး ဘယ်ကလပ်အသင်းကိုမှ တာဝန်ယူကိုင်တွယ်ခြင်း မရှိသေးပါဘူး။

သတင်းရဲ့ဖော်ပြချက်ထဲမှာ ဝင်းဂါးဟာ ကမ်းလှမ်းမှုကို စတင်ရရှိချိန်တုန်းက စိတ်ဝင်စားမှုရှိခဲ့ပြီး ဆွေးနွေးမှုတွေအပြီးမှာသာ ငြင်းဆန်ပယ်ချခဲ့တာလို့ သိရပါတယ်။ လက်ရှိ ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်ကတော့ အသင်းအတွက် စပိန်လာလီဂါချန်ပီယံဆုကို မကာကွယ်ပေးနိုင်တဲ့အပြင် မက်ဆီလို အသင်းရဲ့အမာခံကစားသမားတွေရဲ့ထောက်ခံမှုကိုလည်း မရရှိထားတဲ့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ရဖို့များနေပြီး တကယ်လို့ ချန်ပီယံလိဂ်မှာသာ အောင်မြင်မှုမရယူနိုင်ခဲ့ဘူးဆိုရင်တော့ ဆယ်တီယန်အနေနဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။ ဘာစီလိုနာရဲ့နည်းပြရာထူးအတွက်ကိုလည်း အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ဇာဗီ ကလွိုင်းဗက်တို့နဲ့ သတင်းထွက်ခဲ့သေးပေမယ့်လည်း ဘာစီလိုနာဥက္ကဌ ဘာတိုမြူကိုယ်တိုင်က ဆယ်တီယန်ကပဲ အသင်းမှာ ဆက်လက်ရှိနေဦးမှာလို့ ပြောဆိုထားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်ထိ အသင်းရဲ့အခြေအနေကို စောင့်ကြည့်သွားဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။