တားမြစ်ဆေး သုံးစွဲထားမှုကြောင့် ကာလရှည်ပွဲပယ် ပြစ်ဒဏ်ကနေ လျော့ပေါ့ခံလိုက်ရပြီး မကြာခင်မှာပဲ ဘောလုံးပြန်ကစားနိုင်တော့မယ့် ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကို ခေါ်ယူသွားဖို့ မာဆေးလ်အသင်းထံကို ပက်ထရစ် အီဗရာက အကြံပြု တိုက်တွန်းလိုက်ပါတယ်။
အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့် (၄)နှစ်အထိ နှစ်ရှည်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီး ဒီအပေါ် ပေါ့ဘာဘက်ကနေ အယူခံဝင်ခဲ့ရာ အယူခံအောင်မြင်သွားခဲ့တဲ့အတွက် (၄)နှစ်ကနေ (၁၈)လအထိ လျော့ပေါ့ခံလိုက်ရပါတယ်။
Photo Credit : Football365
ဒီလို လျော့ပေါ့ခံရမှုကြောင့် ပေါ့ဘာဟာ လာမယ့် မတ်လမှာပဲ ဘောလုံးပွဲတွေကို ပြန်လည် ကစားနိုင်တော့မှာဖြစ်ပြီး ဂျုဗင်တပ်စ်နဲ့လည်း လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းနဲ့ ပေါ့ဘာတို့က နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ဖို့ လုပ်ဆောင်နေကြပြီဖြစ်လို့ ပေါ့ဘာက မကြာခင်မှာပဲ free agent player ဖြစ်လာပါတော့မယ်။
ဒီလို အခြေအနေမှာ ပေါ့ဘာက အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့သွားဖို့ ဆန္ဒရှိလို့နေပြီး ပေါ့ဘာနဲ့ ပြင်သစ်အသင်းမှာရော မန်ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ်အသင်းတွေမှာပါ တွဲဖက်ကကစားဖူးခဲ့တဲ့ အီဗရာကတော့ ပေါ့ဘာကို မေဂျာလိဂ်ထက် ပြင်သစ်လီဂူးမှာသာ လာရောက်ကစားစေချင်နေပါတယ်။
Photo Credit : The Independent
“ကျွန်တော်တို့တွေ ပေါလ်ကို ဂျုဗင်တပ်စ်အသင်းရဲ့ ဂျာစီနဲ့ မတွေ့မြင်ရဖို့က ရာခိုင်နှုန်းနီးပါးလောက်ကို သေချာနေပါတယ်။ အခု စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ရပါတော့မယ်။ ကျွန်တော် ဘာနာတီယာ(မာဆေးလ်ရဲ့ အားကစား ဒါရိုက်တာ)ကို လှမ်းဆက်သွယ်ပြီး ပေါလ်ကို ခေါ်ယူဖို့ ပြောရပါမယ်။ ဒါမှ သူ့ကို ခေါ်ယူနိုင်မှာ။” လို့ အီဗရာက ပြောဆိုလိုက်ပါတယ်။
တကယ်လို့ မာဆေးလ်အသင်းသာ ပေါ့ဘာကို ခေါ်ယူလိုက်နိုင်မယ်ဆိုရင် အသင်းရဲ့ ကစားသမားအင်အားက ပိုမို တောင့်တင်းသွားမှာ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ မေဆန် ဂရင်းဝုဒ်နဲ့ ပေါ့ဘာတို့လည်း မာဆေးလ်အသင်းမှာ ပြန်လည် ဆုံစည်းရတော့မှာ ဖြစ်ပါတယ်။