ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ အီဗရာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ချယ်လ်ဆီး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးကို ချယ်လ်ဆီးဂန္တဝင် ကွင်းလယ်လူ လမ်းပတ်နဲ့ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့ပါတယ်။

အီဗရာရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းပတ်ရဲ့ အသင်းဟောင်း ချယ်လ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ယနေ့မနက် အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Squawka

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုး ၂ဂိုးစလုံးကို ကွင်းလယ်လူ တော်မီနေး တဦးထဲက ပွဲချိန် ၁၉မိနစ်နဲ့ ၆၉မိနစ်တွေမှာ သွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅မိနစ်မှာ လူငယ်ကြယ်ပွင့် ပါလ်မာက သွင်းယူပေးခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်က ချယ်လ်ဆီးကို အနိုင်ရခဲ့တာကြောင့် ပွဲစဉ်(၁၅) အပြီးမှာ ရမှတ် ၂၇မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာနဲ့ ရမှတ် ၃မှတ်သာ ကွာဟတော့ကာ တဖက်မှာတော့ ရှုံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးက ရမှတ် ၁၉မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အဆင့်(၁၀)နေရာမှာပဲ ဆက်လက် ရှိနေခဲ့ပါတယ်။

Photo Credit: Football 365

မန်ချက်စတာ ယူနိုက်တက် ၂-၁ ချယ်လ်ဆီး ပွဲအပြီးမှာတော့ ယူနိုက်တက်ဂန္တဝင် အီဗရာက အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးအား အထူးတလည် ချီးကျူးသွားခဲ့ပြီး အီဗရာက တော်မီနေးကို ကြည့်နေရတာဟာ လမ်းပတ်ကို ပြန်မြင်နေရသလိုပဲလို့ ဆိုလာပါတယ်။

အီဗရာက – “တော်မီနေးရဲ့ ဂိုးဧရိယာထဲမှာ ချိန်သားကိုက် နေရာယူတတ်မှုက ဖရန့် လမ်းပတ်နဲ့တောင် ဆင်တူနေပါတယ်။ သူက ဖရန့် လမ်းပတ်နဲ့ နည်းနည်းလေး ဆင်တဲ့ ကစားသမားလို့ ပြောရမယ် ထင်ပါတယ်။ သူက ဂိုးသွင်းဖို့ အတွက် မှန်ကန်တဲ့ အချိန် ၊ မှန်ကန်တဲ့ နေရာမှာ ရှိနေတတ်ပါတယ်” လို့ ပြောကာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။