အခု ဆောင်းဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူ အသက်လက်တီကိုမက်ဒရစ် ကစားသမား ဂျာအိုဖေးလစ်ဟာ ယူနိုက်တက်အသင်း တကယ်လိုအပ်တဲ့ ကစားသမားမျိုး မဟုတ်ဘူးလို့ ကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် အခု ဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမား အများအပြားနဲ့ သတင်းထွက်လာခဲ့ပြီး အဲ့ဒီထဲမှာ ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖေးလစ်လည်း ပါဝင်လာခဲ့ပါတယ်။ ဖေးလစ်ဟာ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ အသက်လက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီနဲ့ အဆင်မပြေ ဖြစ်နေရပြီး ပွဲကစားခွင့်တွေပါ အကန့်အသတ် ဖြစ်နေတာကြောင့် အခု ဈေးကွက်ထဲမှာပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်သွားချင်နေသလို သူ့ကိုလည်း အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။

Photo Credit : Manchester Evening News

ဒီလို ကမ်းလှမ်းမှုနဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကစားသမားဟောင်း အီဗရာက “ကျွန်တော်တို့တွေ မာရှယ် ရပ်ရှ်ဖို့ဒ် ဂနာချိုတို့နဲ့ ကစားနိုင်တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ ဂိုးမုဆိုးတစ်ဦးလို တိုက်စစ်မှူးမျိုးကို လိုအပ်ပါတယ်။ အသင်းမှာ ရှိနေတဲ့ တိုက်စစ်ကစားသမားတွေ စွမ်းဆောင်ရည်ကောင်းတာက ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော်က သူတို့တွေ ဂိုးသွင်းတာကိုပဲ လိုချင်တာ။ အဲ့ဒါကြောင့်ပဲ အခုလက်ရှိအချိန်မှာ ဂျာအိုဖေးလစ်က ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမားမျိုး ဖြစ်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်က ယူနိုက်တက်ကို ကစားပုံ လှပနေတာမျိုး မလုပ်စေချင်ဘူး။ ဖေးလစ်လို ကစားသမားမျိုးနဲ့ဆိုရင် ကစားပုံက ဘယ်လောက်လှသွားလိုက်မလဲလို့ ပြောနေကြပေမယ့် ဒါတွေကိုလည်း ကျွန်တော် ဂရုမစိုက်ပါဘူး။ အခုအချိန်မှာက အဲ့ဒီလို ကစားသမားမျိုးလည်း မလိုအပ်ပါဘူး။ အခုအချိန်မှာ သူတို့ လိုအပ်တာက အသင်းအတွက် သွင်းဂိုးတွေများစွာ သွင်းယူပေးနိုင်မယ့် ကစားသမားမျိုးကိုသာ လိုအပ်တာပါ” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ဖေးလစ်ကို ကမ်းလှမ်းထားတဲ့အပြင် နယ်သာလန် တိုက်စစ်မှူးတွေဖြစ်တဲ့ မန်ဖစ်ဒီပိုင်းနဲ့ ဗက်ဟို့စ်တို့ကိုလည်း ကမ်းလှမ်းထားသလို ဗက်ဟို့စ်ကတော့ အသင်းဆီ ရောက်ရှိလာဖို့ အနီးစပ်ဆုံး ဖြစ်နေရပါတယ်။