ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပက်ထရစ် အီဗရာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ အနာဂတ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် တဦး ဖြစ်သလို သူဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးလာခဲ့တဲ့ အမာခံ ပရိသတ် တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မားကပ် ရက်ဖို့ဒ်က ၂၀၁၆ခုနှစ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းကြီး အတွက် ပါဝင် ကစားပေးခဲ့ပြီး သူဟာ ရွန်းနီ ၊ အီဘရာဟီမိုဗစ် ၊ လူကာကူ ၊ ကာဗာနီ စတဲ့ တိုက်စစ်မှူးတွေ မရှိတော့ချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်တာဝန်တွေကို အဓိက ထမ်းပိုးပေးခဲ့သူလို့ ပြောရင် မှားမယ် မထင်ပါဘူး။

မားကပ် ရက်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကျောဒဏ်ရာကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြသစ် တန်ဟက်ဂ်ရဲ့ ကောင်းမွန်တဲ့ လမ်းညွှန်မှုတို့နဲ့အတူ ခြေစွမ်းကောင်းတွေ ပြန်ရနေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ မားကပ် ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ အသည်းအသန် ကြိုးစားနေပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီဗရာကလည်း ရက်ဖို့ဒ်ကသာ ယူနိုက်တက်မှာ ဆက်နေရင် သူဟာ အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အီဗရာက – “မားကပ် ရက်ဖို့ဒ်က အပတ်စဉ်တိုင်း ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေ အတွက် ဂုဏ်ယူမိကြောင်း ပြောလိုပါတယ်။ အခုချိန်မှာ ရက်ဖို့ဒ်က အပြုံးတွေနဲ့ ဘောလုံး ကစားနေသလို ဒါက သူ့အတွက် အရေးကြီးတဲ့ အချက်တခုပါ။ ကျွန်တော် အမြဲတမ်း ပြောနေကြ စကားတခွန်းကို ထပ်ပြီး ပြန်ပြောပါမယ်။ အဲ့ဒါက ရက်ဖို့ဒ်ဟာ တနေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမယ် ဆိုတာပါပဲ။ တန်ဟက်ဂ်အတွက် ရက်ဖို့ဒ်က အရေးပါတဲ့ ကစားသမားပါ။ တန်ဟက်ဂ်ရဲ့ စီမံကိန်းနဲ့ ရည်မှန်းချက်တွေ အတွက် ရက်ဖို့ဒ်က မရှိမဖြစ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း တန်ဟက်ဂ်က ရက်ဖို့ဒ်ကို စာချုပ်သစ် ချုပ်ဖို့ တိုက်တွန်းနေတာပေါ့။ ရက်ဖို့ဒ်က ငယ်ပါသေးတယ်။ မန်ချက်စတာ ယူနိုက်တက်ကို ပြောချင်တာကတော့ ရက်ဖို့ဒ်ကို ပျော်နေအောင် ထားပါ။ သူ လိုချင်တဲ့ စာချုပ်ကို ချုပ်ပေးလိုက်ပါ။ သူက အသင်းရဲ့ အနာဂတ်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။