ပေါ်တူဂီ ကြယ်ပွင့်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ရီးယဲလ် မက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ့် အချိန်တုန်းက သူ့ကို ပီအက်စ်ဂျီ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့က ခေါ်ယူချင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုကတော့ အကုန်ပယ်ချခဲ့ပြီး အာဆင်နယ်ဆီလည်း ဘယ်တော့မှ မပြောင်းဘူးလို့ ပြောခဲ့ကြောင်း ရော်နယ်လ်ဒိုရဲ့ ကလပ်အသင်းဖော်ဟောင်း ပက်ထရစ် အီဗရာက ပြန်လည် မျှဝေလာခဲ့ပါတယ်။

တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုနဲ့ ဘယ်နောက်ခံ ကစားသမားဟောင်းကြီး အီဗရာတို့ဟာ မန်ချက်စတာ ယူနိုက်တက်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးသလို အီဗာရာရဲ့ အသင်းဟောင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းမှာလည်း ရော်နယ်လ်ဒိုက (၃)ရာသီမထိ ပါဝင်ကစားခဲ့ပါသေးတယ်။

Photo Credit : The New York Times

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ (၉)နှစ်အထိ ကစားပြီးချိန် ၂၀၁၈မှာတော့ ဂျုဗင်တပ်စ်အသင်းဆီ ယူရိုသန်း(၁၀၀)နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကနေ ဂျုဗင်တပ်စ်ဆီ မပြောင်းရွှေ့ခင်မှာ ရော်နယ်လ်ဒိုကို ပီအက်စ်ဂျီ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ကပါ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ အီဗရာက ဖွင့်ဟလာပါတယ်။

“ခရစ္စတီယာနိုက ပီအက်စ်ဂျီအသင်းဆီ လာချင်ခဲ့ဖူးလားဆိုတော့ လာချင်ခဲ့ပါတယ်။ သူ ဂျဗင်တပ်စ်အသင်းဆီ မပြောင်းရွှေ့ခင်က သူ့ကို ပီအက်စ်ဂျီ အာဆင်နယ် ချယ်လ်ဆီးတို့ကလည်း ခေါ်ချင်ခဲ့တာ။ သူကိုယ်တိုင်ကတော့ ပီအက်စ်ဂျီအသင်းရဲ့ ပရောဂျက်တွေကို စိတ်ဝင်စားခဲ့သေးတယ်။ အာဆင်နယ်အသင်းဆီကိုတော့ ဘယ်တော့မှ မပြောင်းဘူးလို့ သူပြောခဲ့သေးတယ်။”

Photo Credit : ESPN

“ခင်ဗျားတို့က ခရစ္စတီယာနိုကို ဝေဖန်မှုတွေ လုပ်နိုင်တယ်။ ဒါပေမယ့် သူက ဘယ်နေရာကိုရောက်ရောက် အံ့ဝင်ခွင်ကျဖြစ်အောင် နေတက်တယ်။ အားစိုက်ထုတ်မှုတွေလည်း လုပ်နိုင်တယ်။ သူ အခု ဆော်ဒီမှာ လုပ်ဆောင်နေတာကို ကြည့်ရင်ပဲ သိနိုင်တယ်။ သူ့ကြောင့်ပဲ ဆော်ဒီလိဂ်ကို လူတွေက စိတ်ဝင်စားလာကြတာ။” လို့ အီဗာရာက ပြောဆိုသွားခဲ့ပါတယ်။

မကြာခင်မှာပဲ အသက် (၄၀)ပြည့်တော့မယ့် ရော်နယ်လ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့အတူ အီတလီ ဘောလုံးနယ်ပယ်မှာ (၃)ရာသီအထိ ကျင်လည်ခဲ့ပြီး အသင်းအတွက်ကိုလည်း ဂိုးပေါင်း (၁၀၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို စီးရီးအေ အမှတ်ပေးဖလား (၂)ကြိမ် ကိုပါအီတလီယာဖလား (၁)ကြိမ်နဲ့ အီတလီစူပါဖလား (၂)ကြိမ်တို့ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။