ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ဂန္တဝင် ဘယ်နောက်ခံလူ တဦး ဖြစ်သူ ပက်ထရစ် အီဗရာက ပြင်သစ်ရဲ့ နည်းပြချုပ် ဒီဒီယာ ဒက်စ်ချမ့်ဟာ ပြင်သစ်ရဲ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

လက်ရှိ ပြင်သစ်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဒီယာ ဒက်စ်ချမ့်က ပြင်သစ်ကို ၂၀၁၂ခုနှစ်မှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ပြင်သစ်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ယခု ကျင်းပနေဆဲ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်အောင် ကူညီပေးထားပါတယ်။

Photo Credit: RMC Sports

ဒီဒီယာ ဒက်စ်ချမ့်ရဲ့ လက်အောက်မှာ ပြင်သစ်က ယခင်လို ကြယ်ပွင့် ကစားသမားတွေကို အားကိုးခြင်း မရှိပဲ အသင်းလိုက် စုစည်းမှုနဲ့ ကစားတတ်တဲ့ အသင်းတသင်း ဖြစ်လာခဲ့ပြီး ပေါ့ဘာ ၊ ကန်တီတို့လို အဓိက ကွင်းလယ်လူတွေ မပါဝင်နိုင်ချိန်မှာတောင် ချူအာမီနီ ၊ ရာဘီယော့နဲ့ ဖိုဖာနာတို့ရဲ့ ကွင်းလယ်အတွဲနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြင်သစ်ရဲ့ သတင်းဌာန အတော်များများက ဒီဒီယာ ဒက်စ်ချမ့်ကို ပြင်သစ်ရဲ့ လက်ရွေးစင် နည်းပြတွေထဲမှာ အကောင်းဆုံး နည်းပြတွေထဲက တဦး ဖြစ်ကြောင်း ချီးကျူးနေကြပြီး ဒက်စ်ချမ့်ရဲ့ လက်အောက်မှာ ပြင်သစ်အတွက် ကစားပေးခဲ့ဖူးတဲ့ အီဗရာကလည်း ဒက်စ်ချမ့်ဟာ အရည်အသွေးမြင့် နည်းပြတဦး ဖြစ်သလို သူ့အတွက်တော့ ပြင်သစ်သမိုင်းမှာ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: RMC Sports

အီဗရာက – “ပြင်သစ်မှာဆိုရင် ကျွန်တော်တို့က ဒက်စ်ချမ့်ကို လာဘ်ကောင်လေးလို့ ခေါ်ကြပါတယ်။ သူက မယုံနိုင်စရာ ကောင်းတဲ့ နည်းပြကောင်း တဦးပါ။ ဒက်စ်ချမ့်ရဲ့ အကောင်းဆုံး အရည်အသွေးက အသင်းကို တည်ဆောက်နိုင်စွမ်းပါပဲ။ သူက အကောင်းဆုံး ကစားသမားတွေကို ရွေးချယ် နေရာပေးတတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူက အသင်းတသင်းကို တည်ဆောက်ပြီး တသင်းလုံးကို ကြယ်ပွင့်တွေ ဖြစ်အောင် ပျိုးထောင်ပေးတတ်သူပါ။ ကျွန်တော်က နည်းပြပေါင်း များစွာရဲ့ လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒက်စ်ချမ့်ကတော့ သူ့ရဲ့ ပင်ကိုယ် အရည်အသွေးနဲ့ အသင်းကို တည်ဆောက်တတ်တဲ့လူပါ။ သူက ကာရင် ဘန်ဇီမာကို နှစ်ပေါင်းများစွာ မရွေးပဲ နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူက ကာရင်ကို အသင်းဆီ ပြန်ရောက်လာအောင် စည်းရုံးနိုင်ခဲ့တယ်။ ဒက်စ်ချမ့်က အသင်းတသင်းကို ဆုဖလားတွေ ရအောင် တည်ဆောက်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်က ၂၀၁၄ခုနှစ်မှာ သူနဲ့အတူ မိုနာကိုမှာ လက်တွဲခဲ့ဖူးပါတယ်။ သူက အရမ်းကို နှိမ့်ချတတ်တဲ့ နည်းပြတယောက်ပါ။ ဒါပေမယ့် သူက အသင်းကို ဆုဖလားတွေနဲ့ နီးစပ်အောင် လုပ်ပေးနိုင်ပါတယ်။ ကျွန်တော့်အတွက် သူက ပြင်သစ်သမိုင်းမှာ အကောင်းဆုံးနည်းပြပါပဲ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။