ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ယခုအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပက်ထရစ် အီဗရာကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၀ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ အသည်းနှလုံး ဖြစ်နေပြီလို့ တင်စားကာ ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ခံစစ်ပိုင်းကလွဲပြီး အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် အလွယ်တကူပဲ နော်တင်ဟမ် ဖောရက်စ်ကို အသာစီး ရခဲ့ကာ အနိုင်ဂိုး ၃ဂိုးထဲက ၂ဂိုးကိုလည်း ပထမပိုင်းမှာတင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

နော်တင်ဟမ် ဖောရက်စ်ကတော့ ရှိတဲ့ လူစာရင်းထဲ ကနေ အကောင်းဆုံး လူစာရင်းကို အသုံးပြုကာ အဝေးကွင်းမှာ သရေတမှတ် ရအောင် ကြိုးစား ကစားခဲ့ပေမယ့် ကစားသမားတွေ ကြားထဲမှာ အရည်အချင်း ကွာဟမှု မြင့်မားတာကြောင့် တပွဲလုံးနီးပါး ခံစစ်ပိုင်းမှာသာ ကစားရင်း အချိန်ကုန်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၉မိနစ်မှာ ရက်ဖို့ဒ် ၊ ပွဲချိန် ၂၂မိနစ်မှာ မာရှယ်နဲ့ ပွဲချိန် ၈၇မိနစ်မှာ ဖရက်ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

မန်ချက်စတာ ယူနိုက်တက် ၃-၀ နော်တင်ဟမ် ဖောရက်စ် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရရှိခဲ့တာ ဖြစ်ပြီး ကတ်စ်မဲရိုးက ဂိုးဖန်တီးမှု ၁ကြိမ် လုပ်ဆောင်နိုင်ခဲ့သလို နော်တင်ဟမ် ဖောရက်စ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကိုလည်း ကွင်းလယ်မှာတင် ရပ်တန့်အောင် အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ပက်ထရစ် အီဗရာက ကတ်စ်မဲရိုးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသည်းနှလုံး ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့တာပါ။ အီဗရာက – “ကတ်စ်မဲရိုးက မန်ယူရဲ့ အသည်းနှလုံး ဖြစ်နေပါပြီ။ သူက ပွဲထွက် ကစားသမား အဖြစ် ကစားခွင့် ရဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမယ့် အခုတော့ အဆင်ပြေနေပါပြီ။ ရာသီအစတုန်းက ပရိသတ်တွေဟာ ဘာကြောင့် ကတ်စ်မဲရိုးလို ကစားသမားကို ချက်ချင်း ပွဲထွက်ခွင့် မပေးခဲ့တာလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ အခုတော့ ပရိသတ်တွေက အဲ့ဒါရဲ့ အဖြေကို သိလောက်ပါပြီ။ ကတ်စ်မဲရိုးက ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်နဲ့ ကစားဟန်ကို အချိန်တို အတွင်းမှာ လေ့လာနိုင်ခဲ့ပြီး သူ ပွဲထွက်ခွင့် ရလာတဲ့ အချိန်မှာတော့ လေ့လာထားတဲ့ အရာတွေကို လက်တွေ့ အသုံးချပြနေပါပြီ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။