မန်ချက်စတာ ယူနိုက်တက်အသင်းလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေ အားလုံး ပြေးမြင်မိကြမယ့် လူတစ်ဦး ရှိနေပါတယ်။ အဲ့ဒါကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို နှစ်ပေါင်း ၂၆နှစ်တိုင်အောင် ကိုင်တွယ်ခဲ့ပြီး အသင်းအတွက် ဆုဖလားပေါင်းများစွာကို ရယူ ပေးနိုင်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ပါပဲ။ ဒေါသကြီးတဲ့သူအဖြစ် သတင်းစာမျက်နှာတွေထက်မှာ ထင်ရှားတဲ့ ဖာဂူဆန်ဟာ ဒေါသအိုးကြီးအဖြစ် လူအများရဲ့ ရှုမြင်ခြင်းကို ခံထားရသလို အသင်း ရှုံးနိမ့်သွားတဲ့ အချိန်တွေမှာဆိုရင် ကစားပုံ မကောင်းတဲ့ ကစားသမားတွေကို ဆူပူ ကြိမ်းမောင်းလွန်း တတ်တာကြောင့် ကစားသမားတွေဟာ ဖာဂူဆန်ကို လေပူမှုတ်စက်ကြီးလို့ နာမည်ပြောင်းပေးခဲ့ကြတဲ့ အထိ ဖာဂူဆန်ရဲ့ ဒေါသကြီးမှုတွေဟာ ပြောစမှတ်တွင်ခဲ့ပါတယ်။

Photo Credit: Mirror.com

ဒါပေမယ့် ဖာဂူဆန်ရဲ့ ဒေါသကြီးမှုတွေဟာ ဘောလုံးကွင်းထဲမှာသာ ဖြစ်ပြီး ဘောလုံးကွင်း ပြင်ပကို ရောက်သွားရင်တော့ ဖာဂူဆန်ဟာ သူ့ရဲ့ ကစားသမားတွေကို တပည့်လိုသဖွယ် ၊ သားသမီးလိုတစ်ဖုံ စောင့်ရှောက်အားပေးတဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကိုလည်း အမြဲတစေ ဂရုစိုက်လေ့ ရှိသူတစ်ဦးပါ။ ဖာဂူဆန်ရဲ့ ပရိသတ်တွေအပေါ် ဂရုစိုက်မှုဟာ သူတို့ ကစားသမားတွေထက် အများကြီးသာကြောင်းနဲ့ ကစားသမားတွေဟာလည်း ပရိသတ်တွေကို လျစ်လျူရှုခဲ့တာကြောင့် ဖာဂူဆန်ရဲ့ ပြစ်တင်ကြိမ်းမောင်းမှုတွေကို ခံခဲ့ရတယ်လို့ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ အီဗရာက ဖွင့်ဟပြောပြလာခဲ့ပါတယ်။

Photo Credit: Mirror.com

ဖာဂူဆန်ရဲ့ ပရိသတ်တွေအပေါ်ကို အလေးထားမှုနဲ့ ပတ်သတ်ပြီး အီဗရာက ” ရာသီကြို ခြေစမ်းပွဲတစ်ခုမှာပေါ့။ အသင်းဘက်စ်ကားရဲ့ အနားမှာ ကျွန်တော်တို့ရဲ့ လက်မှတ်တွေကို လိုချင်ကြတဲ့ ပရိသတ်တွေ အများကြီး စီတန်းပြီး စောင့်နေကြတယ်ဗျာ။ ကျွန်တော်တို့က အဲ့ဒီ အချိန်မှာ တော်တော်လေး ပင်ပန်းနေကြပြီ။ ဒီတော့ ကစားသမားတွေ အားလုံးက အတူတူ တိုင်ပင်ပြီး ပရိသတ်တွေကို နှုတ်မဆက်ပဲ ဘက်စ်ကားပေါ်ကို ပြေးတက်ကြတယ်။ အားလုံး ညီနေတော့ ကျွန်တော်တို့ကို ပရိသတ်တွေ က အမြင်မစောင်းတော့ဘူးပေါ့။ အဲ့ဒီလိုထင်ပြီး ကျွန်တော်တို့က ပရိသတ်တွေကို လျစ်လျူရှုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ဘက်စ်ကားပေါ် ရောက်ပေမယ့် ရောက်မလာတဲ့ လူတစ်ဦးရှိတယ်ဗျ။ အဲ့ဒီလူက ဘော့စ်ပါပဲ။ (ဖာဂူဆန်ကို ဆိုလိုလျက်) ဘော့စ်က ပရိသတ် တွေကို တစ်ယောက်ချင်းစီ လိုက်နှုတ်ဆက်ပြီး လက်မှတ်တွေထိုးပေး ၊ ဓာတ်ပုံရိုက်ခံတာတွေ လုပ် ၊ အဲ့ဒီလိုမ​ျိုးကို မိနစ်၄၀လောက်ကြာအောင် စိတ်ရှည်ရှည်နဲ့ လုပ်ပေးနေတာဗျာ။ ဘော့စ်ကို မြင်ပြီးတော့ ကျွန်တော်တို့တွေအားလုံးက ငါတို့တွေတော့ သေပြီလို့ တွေးလိုက်မိတယ်။ မကြာပါဘူး။ ဘော့စ်လဲ ဘက်စ်ကားပေါ် ရောက်ရော ကျွန်တော်တို့ကို ဆူတော့တာပဲဗျာ။ မင်းတို့တွေကို ပိုက်ဆံပေးထားတာ ပရိသတ်တွေကွ။ အခု အောက်ကိုပြန်ဆင်းပြီး ပရိသတ်တွေနဲ့ သွားနေပေးကြ… ဆိုပြီး ဆူပါလေရော။ ကျွန်တော်တို့ ကလည်း ကုပ်ကုပ် ကုပ်ကုပ်နဲ့ ဘော့စ်ခိုင်းတဲ့ အတိုင်း လုပ်ခဲ့ကြရတာပေါ့ ” လို့ ရှင်းပြပြောဆို သွားခဲ့တာပါ။