ရီးရဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၃၇)မှာ ဗီလာရီးရဲလ်အသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရယူခဲ့ပြီး အသင်းရဲ့ သမိုင်းတလျှောက် (၃၄)ကြိမ်မြောက် လာလီဂါချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်ထားရတဲ့ လာလီဂါဘောလုံးပြိုင်ပွဲကို ပြန်လည်စတင်ခဲ့တဲ့ ဇူလိုင်လလယ်လောက်ကနေစတင်ပြီး လာလီဂါပွဲအားလုံးကို ရီးရဲလ်အသင်းက အနိုင်ယူခဲ့သလို ပြိုင်ဘက်ဘာစီလိုနာအသင်းကလည်း ပွဲတချို့မှာ ခြေချော်ခဲ့တာကြောင့် အခုလို လာလီဂါချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Sun

အခုလို လာလီဂါဆုဖလားကြီးကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ ရီးရဲလ်အသင်းရဲ့ အဓိကနောက်ခံကစားသမား အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က အသင်းရဲ့နည်းပြဇီဒန်းကို “ပြိုင်ဘက်ကင်း” လို့ ချီးမွမ်းပြောဆိုလာခဲ့ပါတယ်။ ရာမို့စ်က “ဇီဒန်း လက်နဲ့ထိလိုက်သမျှ အရာတွေအားလုံးက ရွှေအဖြစ်နဲ့ ပြောင်းလဲသွားသလိုပါပဲ။ ကျွန်တော်တို့အားလုံးက သူ့ကိုရော သူလုပ်သမျှ အရာတွေအားလုံးကိုပါ ယုံကြည်တယ်။ သူက ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်နိုင်တတ်တဲ့သူ။ ကစားသမားတွေအပေါ်မှာလည်း ယုံကြည်စိတ် ထားပေးနိုင်တဲ့သူမျိုးပါ။ ကျွန်တော်တို့အကုန်လုံးက သူ့ကို ဒီမှာပဲ နှစ်ပေါင်းများစွာ ဆက်လက်ရှိနေနိုင်ဖို့ မျှော်လင့်နေတာပါ။ သူက ပြိုင်ဘက်ကင်းပါပဲ” လို့ အမွှမ်းတင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ဒါ့အပြင် ရာမို့စ်က သူတို့အသင်းဟာ လာလီဂါချန်ပီယံဆုကို ထိုက်ထိုက်တန်တန်နဲ့ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး တချို့ဘောလုံးပရိသတ်တွေနဲ့ ပြိုင်ဘက်အသင်းတွေ ဝေဖန်နေကြသလို VAR ရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ကံကောင်းပြီး ချန်ပီယံဖြစ်ခဲ့တာမဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ရာမို့စ်က “ဒီချန်ပီယံဆုက ကျွန်တော်တို့ရဲ့အလုပ်ကြိုးစားမှု စည်းလုံးညီညွတ်မှု မျှတမှုတွေအတွက် အကျိုးရလဒ်တစ်ခုပဲ။ သူတို့တွေ ဘယ်လိုပဲ ဝေဖန်ပြောဆိုနေကြပါစေ ကျွန်တော်တို့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့အရာကို ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ရတာပဲလေ။ အလုပ်ဆိုတာ မှန်မှန်ကန်ကန် လုပ်နိုင်တယ်ဆိုရင် အကျိုးကျေးဇူးတွေကို ပြန်လည်ခံစားရတတ်တာပဲလေ။ ဒီလိုပဲ လိဂ်ပွဲ(၁၀)ပွဲကို ဆက်တိုက်နိုင်အောင် ကစားခဲ့တဲ့ ကျွန်တော်တို့အသင်းအတွက် အောင်မြင်မှုတွေကို ပြန်လည်ခံစားရတာပဲလေ။ ဒီညပွဲကတော့ အနိုင်ရဖို့ ခက်ခက်ခဲခဲနဲ့ကို ကစားခဲ့ရတာပါ။ အခုတော့ ကျွန်တော်တို့တွေ အသင်းအတွက် (၃၄)ကြိမ်မြောက် လာလီဂါဖလားနဲ့ ကျွန်တော့်အတွက် ဒီအသင်းနဲ့အတူ ရယူနိုင်တဲ့ (၅)ကြိမ်မြောက် လာလီဂါဆုဖလားပါ။ အရမ်းကို ပျော်ရွှင်နေပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။