(၆)နှစ်တာအကြာမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ပြန်လည်ပါဝင်ကစားခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာဟာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့အတွက် ပွဲစဉ်တိုင်းလိုလိုမှာ ကြိုးစားခဲ့ပေမယ့်လည်း အသင်းအတွက် ပြိုင်ပွဲစုံ(၄)ပွဲခန့် ကစားခဲ့ပြီး သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ပဲ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂၀ အုပ်စုနောက်ဆုံးပွဲစဉ်ကျမှ အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ရပါတယ်။

Photo Credit : LeSoir

အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်တိုက်စစ်ကစားသမားကြီး ဘန်ဇီမာဟာ သူရဲ့ Sex Tape အရှုပ်တော်ပုံကြောင့် ၂၀၁၅ခုနှစ်နောက်ပိုင်းကတည်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရတာဖြစ်ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ သူရဲ့ကလပ်အသင်း ရီးယဲလ်မက်ဒရစ်အတွက် ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေလို့ သူ့ကို ပြင်သစ်နည်းပြ ဒေးရွှမ့်က အသင်းမှာ ပြန်လည်ရွေးချယ်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဘန်ဇီမာဟာ ပြင်သစ်အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့ရချိန်မှာ ပရိသတ်တွေရော သူကိုယ်တိုင်ပါ မျှော်လင့်နေတဲ့ သွင်းဂိုးတွေကို ပြန်လည်သွင်းယူလာနိုင်ခဲ့ပါတယ်။

Photo Credit : Onze Mondial

ဘန်ဇီမာဟာ ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး သူရဲ့လက်ရွေးစင်အသင်းဖော် ဂရီးဇ်မန်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အသင်းအတွက် သွင်းဂိုး(၂)ဂိုးစီ သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုလို ဂိုးတွေပြန်လည်သွင်းယူနိုင်တာနဲ့ပတ်သက်ပြီး ဘန်ဇီမာက “အသင်းအတွက် ဂိုးသွင်းယူပြီးတဲ့နောက် ကျွန်တော်ဘယ်လို ခံစားနေရသလဲဆိုတော့ အရမ်းပျော်ပြီး ဂုဏ်ယူဝမ်းမြောက်နေမိတယ်။ လူတိုင်းကလည်း ကျွန်တော် ဂိုးတွေပြန်သွင်းနိုင်ဖို့ကို စောင့်ဆိုင်းနေကြတာလေ။ ဒါက ကျွန်တော့်အတွက် စိတ်ဖိအားတွေ ဖြစ်စေတယ်။ ဒါပေမယ့်လည်း ကျွန်တော်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီလိုဖိအားတွေကနေ လွတ်မြောက်နိုင်အောင် လုပ်ဆောင်နိုင်ရမှာပဲ။ အခုလို သွင်းဂိုးတွေ ပြန်သွင်းယူနိုင်တာရော အုပ်စုအဆင့်ကနေ တတ်လှမ်းခွင့်ရတာရော အရမ်းကောင်းပါတယ်။ ကျွန်တော် လက်ရွေးစင်အသင်းအတွက် သွင်းဂိုးတွေ ရယူချင်နေတာက သွင်းဂိုးတွေဟာ ဒီပြိုင်ပွဲအတွက် အရေးပါတဲ့ အရာတစ်ခု ဖြစ်နေလို့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ဘယ်တော့မှတော့ သံသယမဝင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်နိုင်ငံအသင်းက ကျွန်တော့်ဆီကနေ မျှော်လင့်ချက်တွေ အများကြီးရှိနေမယ်ဆိုတာကိုတော့ ကျွန်တော်သိထားပါတယ်။ အခု ကျွန်တော်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပြီး လူတိုင်းကို ပျော်ရွှင်စေရအောင်လည်း လုပ်ဆောင်နိုင်ခဲ့ပါပြီ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။