MySport Myanmar

CWC အောင်မြင်မှုကြောင့် ချယ်လ်ဆီးကို လူတိုင်းက မနာလို ဖြစ်နေရလိမ့်မယ်လို့ တူဟယ်လ်ပြော

မနေ့က ယူအေအီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၁ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရေယပချန်ပီယံ ချယ်လ်ဆီးအသင်းက တောင်အမေရိကချန်ပီယံ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်ကို အချိန်ပို ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရယူသွားခဲ့တဲ့အတွက် ကလပ်အသင်း သမိုင်းတလျှောက် မပိုင်ဆိုင်ဖူးသေးတဲ့ ဆုဖလား မရှိတော့အောင်ကို ဖြစ်သွားခဲ့ရပြီး ဒီလို အောင်မြင်မှုတွေအတွက် အသင်းကို လူတိုင်းက မနာလို ဖြစ်နေရလိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလား အက်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူထားနိုင်ခဲ့ပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်ကို တတ်လှမ်းထားနိုင်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ထားခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ချယ်လ်ဆီးအသင်းဟာ ပါးလ်မီးရပ်စ်ကို အနိုင်ယူလိုက်တာကြောင့် သူတို့အသင်း ဆွတ်ခူးဖို့ ကျန်ရှိတော့တဲ့ တစ်ခုတည်း ဆုဖလားကို ရယူနိုင်ပြီး အသင်းအတွက် ဂုဏ်တတ်စရာ ဖြစ်လာခဲ့ရပါတယ်။ ဒါကြောင့် ပွဲအပြီးမှာပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းရဲ့ကလပ်ကမ္ဘာ့ဖလား အောင်ပွဲကို အသင်းတိုင်းက မနာလို ဖြစ်နေရလိမ့်မယ်လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

တူဟယ်လ်က “အဝတ်လဲခန်းအတွင်း ငါတို့တွေ ပြောခဲ့တာက လူတိုင်း ငါတို့ကို မနာလို ဖြစ်နိုင်လောက်တဲ့ ထူးခြားခမ်းနားတဲ့ အခွင့်အရေးတစ်ခုရဲ့ အကြောင်းပါ။ ကစားသမားတိုင်းက ဒီလို ဖိုင်နယ်မျိုးကို ကစားဖို့ အိမ်မက်မက်ထားကြတယ်။ ဒါက အရမ်းကို ထူးခြားပြီးတော့ ဘာနောင်တမှကို မရှိပဲနဲ့ ကစားချင်ခဲ့တာပါ။ မင်း ဂိုးသွင်းတာ နောက်ကျရင် ဒီလို ဖြစ်လာဖို့အတွက် ကံကောင်းဖို့လည်း လိုပါလိမ့်မယ်။ ငါတို့က မဆုတ်မနစ် မရပ်မနား ဆက်လက်ကြိုးစားခဲ့တယ်။ ငါတို့တွေ ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် ဒါကို ပြန်ချေပသွားခဲ့တယ်။ ဒီအခြေအနေမှာလည်း ငါတို့ရဲ့ တိုက်စစ်ကို ဘယ်လိုမှ မရပ်တန့်ခဲ့ပါဘူး။ ဒါကြောင့် ဒီနိုင်ပွဲက ငါတို့နဲ့ ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် နောက်ကျဂိုးသွင်းခဲ့တာကတော့ ကံကောင်းခဲ့တာကြောင့်လည်း ပါပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အခု ဖေဖော်ဝါရီလအတွင်းမှာ ဆုဖလား(၂)လုံးကို သိမ်းပိုက်ရယူနိုင်မယ့် အခြေအနေမျိုး ဖြစ်နေရပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားအပြီး လီဗာပူးလ်အသင်းနဲ့ ပြည်တွင်းဆုဖလားတစ်ခုဖြစ်တဲ့ ကာရောဘောင်း လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ကို ဆက်လက်ကစားရဦးမှာဖြစ်လို့ ဒီဖိုင်နယ်ပွဲမှာလည်း ထပ်ပြီးအောင်မြင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Exit mobile version